မုံရွာမြို့ တရားသူကြီးဒေါ်မိုးမိုးရွှေရည် အမှုသည်များအား ခြိမ်းခြောက်မှုရပ်တန်းကရပ်ရန် UGတပ်ပေါင်းစု သတိပေး
ယိုင်နဲ့နေသော တရားရေးမဏ္ဍိုင်အားသတိပေးသည့်အနေဖြင့် ရန်ကုန်မြို့ရှိတရားရုံးလေးရုံးကို သတိပေးတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ (YDPB)က ယနေ့(ဇွန် ၂၈) ထုတ်ပြန်သည်။
တိုက်ခိုက်မှုများကို ဇွန်လ၂၆ ရက်နှင့် ၂၇ ရက်များတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ခဲ့သောတရားရုံးများမှာ မရမ်းကုန်းတရားရုံး၊ အရှေ့ဒဂုံမြို့နယ် တရားသူကြီးရုံး၊ တောင်ဥက္ကလာပမြို့နယ်တရားရုံး၊ အရှေ့ပိုင်းခရိုင်တရားရုံး(သာကေတ)တို့ ဖြစ်ကြောင်း ဖော်ပြသည်။
“လက်ပစ်ဗုံးများ၊ အဝေးထိန်းမိုင်းများနှင့်တိုက် ခိုက်ခဲ့ပါတယ်”ဟု YDPB မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ထိုသို့တိုက်ခိုက်ခြင်းမှာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား မတရားအမှုဆင်ဖမ်းဆီးခြင်းနှင့် ပြည်သူ့ခေါင်းဆောင်တစ်ဦးအား အကျဉ်ထောင်သို့ ပို့ဆောင်မိန့်ချမှတ်ခြင်း၊ ဥပဒေကိုအသုံးချ၍ ကိုယ်ကျိုးစီးပွားအတွက် ပြည်သူလူထုကို အနိုင်ထက်ပြုကျင့်ခြင်း၊ တော်လှန်ရေးရဲဘော်များအား မတရားအမှုဆင် ဖမ်းဆီးခြင်းတို့ကြောင့် သတိပေးတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
“ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ ဆိုတာဟာ ပြည်သူ လူထုအတွက် ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် ပြည်သူတို့လွတ်မြောက်ရေးနဲ့ လုံခြုံရေးတို့အတွက် ပြည်သူ့ကိုယ်စား တိုက်ခိုက် ကာကွယ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူနဲ့ ကျွန်တော်တို့ အပြန် အလှန် ယုံကြည်မှု နဲ့ ကာကွယ်မှုတွေရှိဖို့ ကျွန်တော်တို့တပ်မဟာက တောင်းဆိုချင်ပါတယ်”ဟု YDPB မှ ရဲဘော်တစ်ဦးက ပြောသည်။
စစ်ကောင်စီအလိုကျ အထက်မှချပေးသော အမိန့်စာဖတ် မတရားရုံးများအား Justice Lady Mission အမည်ဖြင့်တိုက်ခိုက်ခဲ့ပြီး ပျက်စီးဆုံရှုံးမှုနှင့် အချိန်အတိအကျကို လုံခြုံရေးအရချန်လှပ်ထားခြင်းဖြစ်ကြောင်း အသိပေးထားသည်။
ထို့အပြင် မုံရွာမြို့နယ် ဒုတိယမြို့နယ်တရားသူကြီးဒေါ်မိုးမိုးရွှေရည်အနေဖြင့် အမှုသည်များအား အမျိုးမျိုးခြိမ်းခြောက်နေသည်ကို ရပ်တန်းကရပ်ရန် UGတပ်ပေါင်းစုက သတိပေးချက် ထုတ်ပြန်သည်။
ဒေါ်မိုးမိုးရွှေရည်သည် စစ်ကောင်စီလက်ထက်တွင် အမှုသည် ပြည်သူများ ရုံးတက်ရန်အတင်းဖိအား ပေးစေခိုင်းနေပြီး မလာရောက်ပါက အမှုကိုတစ်ဖက်သတ်စစ်မည်ဟု ခြိမ်းခြောက်နေသည့်သတင်းများရရှိထားသည်ဟု မုံရွာခရိုင်အခြေစိုက် Monywa UG ခရိုင်တပ်ပေါင်းစုက ယနေ့(ဇွန် ၂၈ရက်) ထုတ်ပြန်သည်။
” နောက်နောင် အမှု့သည်များအပေါ် မတရား ခြိမ်းခြောက်မှုများ ထပ်မံရှိလာခဲ့လျှင် သင်နှင့် သင့် မိသားစု၏အသက်အန္တာရာယ်အားတာဝန်မယူကြောင်း ကျွန်ုပ် တို့UGတပ်ပေါင်းစုမှ အထူးသတိ ပေးလိုက်သည်။သင့်ပုံနှင်သင့် မိသားစုပုံများကိုလိုအပ်လျှင်ချပြသွားမည်”ဟု Monywa UG ခရိုင်တပ်ပေါင်းစုက သတိ ပေးထားသည်။
ထို့အပြင် ရွှေဘိုခရိုင်တရားသူကြီး ဦးကြည်မင်းစိုး၊ ဒုတိယခရိုင်တရားသူကြီးများဖြစ်သော ဦးကျော်ဝေလင်း၊ ဦးနေမျိုးထွန်း နှင့်ဦးဆန်းထွန်း၊ဦးမြို့နယ်တရားသူကြီးဒေါ်ယမင်းသန့် ၊ တွဲဘက်မြို့နယ်တရားသူကြီးဒေါ်ဝင့်ဝါကျော်နှင့်ဦးသက်ပိုင်မှူးတို့ကိုလည်း ရွှေဘိုမြို့နယ်လွတ်လပ်သောထာက်ပို့ရေးအဖွဲ့က သတိပေးထားသည်။
၂၀၂၁ ဒီဇင်ဘာကလည်း ထီးချိုင့်မြို့နယ် မြို့နယ်တရားသူကြီး ဒေါ်မို့မို့အေးကို တော်လှန်ရေးအင်အားစုများက အလားတူသတိပေးမှုမျိုး ပြုလုပ်ခဲ့သည်။ သတိပေးချက်ထွက်ပေါ်လာပြီးနောက် ဒေါ်မို့မို့အေးသည် ထီးချိုင့်တွင် မနေရဲတော့ဘဲ ရက်အနည်းငယ်အကြာတွင် ရှမ်းပြည်နယ် ကျောက်မဲမြို့သို့ ပြောင်းရွှေ့ခဲ့ရသည်။
