ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ နှစ်၆၀ သက်တမ်းရှိ ထန်တလန် TBC နှစ်ခြင်းဘုရားကျောင်းကို စစ်ကောင်စီတပ်က မီးရှို့သဖြင့် ယမန့်နေ့ (ဇွန်၉ရက်) ညနေ ၄ နာရီခွဲခန့်က မီးလောင်ကျွမ်းခဲ့ကြောင်းဒေသခံများကပြောသည်။
ထန်တလန်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်ကမီးရှို့၍ ဘုရားကျောင်းမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။
TBC နှစ်ခြင်းဘုရားကျောင်းသည် ထန်တလန်မြို့၏ အကြီးဆုံးနှင့် မြို့ဂုဏ်ဆောင်ဘုရားကျောင်းတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်ဟု ဒေသခံများက ဆသည်။
“တိုက်ပွဲဖြစ်တာလဲ မရှိဘဲ မီးလောင်တာဆိုတော့ စစ်တပ်ကပဲ မီးရှို့တာပေါ့”ဟုစစ်ဘေးရှောင်နေရသည့် ထန်တလန်မြို့ခံတစ်ဦးကပြောသည်။ ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ် သာရှိပြီးလူနေအိမ်များကိုလည်းမကြာခဏဖောက်ထွင်းခိုးယူပြီး မီးရှို့ကြောင်း ဒေသခံများကဆက်ပြောသည်။
စစ်ကောင်စီတပ်သည် အဆိုပါ TBCဘုရားကျောင်းအဆောက်အဦးများကို ၂၀၂၁ အောက်တိုဘာ ၂၉ ရက်တစ်ကြိမ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် တစ်ကြိမ်နှင့် ဒီဇင်ဘာ ၃၀ ရက်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်မီးရှို့ခဲ့ဖူးသည်။
မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်တပ်က ချင်းပြည်နယ်၊ထန်တလန်မြို့ရှိ ပြည်သူများ၏လူနေအိမ် ၁၂၀၀ နှင့် ဘုရားကျောင်း ၁၁ ကျောင်းတို့ မီးရှို့ခဲ့သည်။
