ကေအဲန်ယူ-မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)နဲ့ စစ်ကောင်စီ၊နယ်ခြားစောင့်တပ်(BGF)ပူးပေါင်အဖွဲ့တို့အကြား ဇွန်လ တစ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွါးခဲ့ပါတယ်။
တိုက်ပွဲပေါင်း ၂၂၃ ကြိမ်မှာ စစ်ကောင်စီ၊ BGFပူးပေါင်းတပ်ဘက်က (၉၄)ဦးသေဆုံးကာ (၅၅)ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်က သေဆုံးသူတွေထဲမှာ ဗိုလ်တစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာတော့ ဗိုလ်ကြီး(ဒု-ခွဲမှူး) နှစ်ဦးပါဝင်တယ်လို့ တပ်မဟာ ၅ ထံကနေ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတွေအတွက် ထောက်ပို့မြင်းလား(၁၃)ကောင်ကို ချေမှုန်းနိုင်ခဲ့ပြီး (၁၁)ကောင်တိတိ ထိခိုက်ဒဏ်ရာရရှိသွားခဲ့တဲ့အပြင် ထောက်ပံ့ရေးမော်တော်ယာဉ်တစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဇွန်လ တလတာအတွင်း နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဘက်က တစ်ဦးကျဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ ၅ က ဆိုထားပါတယ်။
နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ အပြစ်မဲ့အရပ်သားပြည်သူသုံးဦးလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ထိမှန်တာကြောင့် ထိခိုက်ဒဏ်ရရှိခဲ့ပြီး ဒေသခံပြည်သူရဲ့ ဥယျာဉ်ခြံမြေထဲကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးကျည်(၂၅)လုံး ပစ်ချခဲ့တယ်လို့ မူတြော်သတင်းစဉ်ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
