စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မြေဖွေးတောင်အနီးတွင် နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးလုယက်ပြီး ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့ (ဇူလိုင်လ၂ရက်) နံနက် ၁၁နာရီခန့်က ဘန့်ဘွေးပျူစောထီးရွာမှ အကြမ်းဖက်စစ်ကောင်စီတပ်လက်အောက်ခံ စစ်သား၊ ရဲသားများနှင့် ပျူစောထီးများသည် ကွေ့ချောင်းရွာ၊ မြေဖွေးတောင်အနီးရှိ အိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ ထို့အပြင် ထိုအိမ်များရှိ ပစ္စည်းများအား ထွေလာဂျီတစ်စင်းနှင့် သယ်ဆောင်သွားခဲ့ပြီး တန်ဖိုးကျပ်သိန်း၄၅၀ခန့် ဆုံးရှုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။



“အကြောင်းမဲ့လာရှို့သွားတာ။ လူတွေကတော့ အကုန်ရှောင်နိုင်လိုက်တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် အဆိုပါအိမ်များဖျက်ဆီးပြီးအပြန် မွန်းတည့်၁၂နာရီဝန်းကျင်က ငါးမိုင်ဂိတ်အနီးအရောက်တွင် ချိုမိုင်မိုင်တပ်ပေါင်းစုနှင့် Yinmarbin Local PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သေဆုံးမှုရှိနိုင်ကြောင်း ချိုမိုင်မိုင်သတင်းနှင့်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။

ဇွန်လ၂၉ရက်က ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူများကို စနိုက်ပါ နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်လုပ် (၄ဝ) မမ၊ (၆၀) မမ လက်နက်ကြီးများဖြင့် ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က အသိပေးထားသည်။
