အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးသွားသည့်နေအိမ်များအား ရှင်းလင်းပေးစဥ် မီးလောင်ပြင်၌ တွေ့ရသည့် ရွှေထည်နှင့်လက်ဝတ်ရတနာများအား ကိုင်ရှင်ထံ ပြန်လည်အပ်နှံခဲ့ကြောင်းဗိုလ်တောက်ထွန်း (MBTT)အဖွဲ့ကသတင်းထုတ်ပြန်သည်။
ဇွန်လ ၂၉ ရက်နေ့ကအကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးသွားသော ရွှေပန်းကျေးရွာအား ကျေးရွာပြည်သူလူထုနှင့်ဗိုလ်တောက်ထွန်း(MBTT) အဖွဲ့တို့ကမီးများဝိုင်းငြိမ်းသတ် ရှင်းလင်းမှုများဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်စဥ် ပြည်သူ့နေအိမ်တစ်လုံးရှိ သံသေတ္တာထဲတွင် မီးကျွမ်းလောင်ထားသော ရွှေထည်နှင့်အကြွေစေ့များအားတွေ့သဖြင့်ရွှေပန်းကျေးရွာတာဝန်ရှိသူရှေ့တွင်ပစ္စည်းပိုင်ရှင်အား ဗိုလ်တောက်ထွန်း (MBTT)အဖွဲ့ကအပ်နှံပေးခဲ့ကြောင်း MBTT အဖွဲ့ကပြည်သူများသို့အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ရွှေပန်းကျေးရွာအတွင်းရှိ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခြင်း၊ကျေးရွာအတွင်းရှိနေအိမ်များမှ ပစွည်းများခိုးယူလုယက်ခြင်း၊ နေအိမ် ၁၇ လုံးအားမီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြပြီး ၂ညအိပ် ၃ရက်စခန်းချကာပြန်လည်ထွက်ခွာသွားခဲ့သည်ဟု MBTTအဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
