မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နယ်ခြားစောင့်တပ်(BGF)က ဒေသခံတွေကို ခြိမ်းခြောက်ခဲ့တယ်လို့ တပ်မဟာ ၅ ထံက သိရပါတယ်။
ဇွန် ၁၈ ရက်နေ့ မနက် ၈ နာရီ မိနစ် ၄၀ အချိန်က ဖာပွန်မြို့တောင်ဘက်က စစ်ကောင်စီရဲ့ ဝေမှုံအခြေစိုက်တပ်စခန်းကနေ ဖာပွန်ခရိုင် ဘူးသိုမြို့နယ် မယ်ကလောကျေးရွာအုပ်စု ဒေလော်ပူကျေးရွာထဲကို အမြောက်လက်နက်ကြီးနဲ့ တမင်ရည်ရွယ်ပစ်ခတ်ခဲ့လို့ ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာဖြစ်တယ်လို့ တပ်မဟာ ၅ က ဆိုပါတယ်။
ဇွန် ၁၇ ရက်ကလည်း စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေက အများပြည်သူတွေ နေ့စဉ်သွားလာနေကျလမ်းဖြစ်တဲ့ ကမမောင်းနဲ့ ကတိုင်တိ ကားလမ်းတလျှောက်ကို သွားလာခွင့်ပိတ်ပင်တားဆီးတာမက ခရီးသွားပြည်သူတွေသွားလာပါက ပစ်ခတ်မယ်လို့ သတင်းဖြန့်ပြီးခြိမ်းခြောက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါသေးတယ်။
ဒါ့အပြင် ကတိုင်တိကျေးရွာထဲကို အပြင်လူတွေ လုံး၀ဝင်ထွက်သွားလာတာတွေမပြုလုပ်ဖို့နဲ့ ရွာပြင်ဘက်ကိုထွက်ခွာတဲ့ ရွာသူရွာသားတွေကို တွေ့ရှိကြားသိပါက ဒဏ်ငွေဆောင်ရမယ်လို့လည်း နယ်ခြားစောင့်တပ် BGF က ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်က ထုတ်ပြန်ခြိမ်းခြောက်ထားကြောင်း တပ်မဟာ ၅ ထံကနေ သိရပါတယ်။
