ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ တွင် ဇွန်လအတွင်း တိုက်ပွဲ ၂၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီနှင့် ၎င်း၏လက်ပါးစေ နယ်ခြားစောင့်တပ်မှ ၉၄ဦး သေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ် ပြန်သည်။
ဇွန်လ ၁ရက်မှ ၃၀ရက်အတွင်းဖြစ်ပွားခဲ့သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)နှင့် စစ်ကောင်စီတပ်၊ BGF တို့အကြား တိုက်ပွဲအခြေအနေကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲပေါင်း ၂၂၃ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီနှင့် BGF ဘက်မှ ဗိုလ်တစ်ဦး အပါအဝင် ၉၄ဦး သေဆုံးပြီးဗိုလ်ကြီးအပါအဝင် ၅၅ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများအတွက်အသုံးပြုနေသည့် ထောက်ပို့မြင်းလား(၁၃)ကောင်အား ပစ်သတ်ချေမှုန်းနိုင်ခဲ့ကာ (၁၀)ကောင် ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ပြင် ထောက်ပို့ မော်တော်ယာဉ်တစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲများအတွင်း KNLAဘက်မှ တစ်ဦးကျဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်၍ အရပ်သား သုံးဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။
