စစ်ကောင်စီတပ်မှ ခြောက်ဦးထိခိုက်
ရေးမြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် ၏ စစ်ကားနှစ်စီးနှင့် စစ်ကောင်စီလက်အောက်ခံလဝကရုံးတို့ကိုဖောက်ခွဲတိုက်ခိုက်မှုများ ပြု လုပ်နိုင်ခဲ့ကြောင်း YGF – ရေးပြောက်ကျားတပ်ဖွဲ့မှ ယနေ့(ဇူလိုင် ၂)အသိပေးထုတ်ပြန်သည်။
အဆိုပါတိုက်ခိုက်မှုများကို ဇွန်လ ၂၆ ရက်တွင်တစ်ကြိမ်၊ဇွန်လ ၂၈ ရက်တွင် နှစ်ကြိမ် အသီး သီးပြုလုပ်ခဲ့ပြီးစစ်ကောင်စီတပ်ဘက်မှ ခြောက်ဦးထိခိုက်ဒဏ်ရာရသွားကြောင်းဖော်ပြသည်။
ဇွန်လ ၂၆ ရက်တိုက်ခိုက်မှုကို ယင်းနေ့ည ၉ နာရီခွဲခန့်က ကင်းလှည့်နေသော စစ်ကောင်စီတပ်ကားတစ်စီးအား ရေးမြို့ပတ်လမ်း၊ ခေမာဘောလုံးကွင်းအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ နှစ်ဦးထိခိုက်ဒဏ်ရာရသွားသည်ဟု ဆိုသည်။
ထို့နောက်ဇွန်လ ၂၈ရက်တိုက်ခိုက်မှုနှစ်ကြိမ်တွင်ပထမအကြိမ်မှာထိုနေ့နံနက် ၉ နာရီခွဲခန့်၌Non-CDMများအားသတိပေးသည့်အနေဖြင့်မြို့နယ်လဝကရုံးအနီးသတိပေးဖောက်ခွဲ့ခဲ့ကြောင်းလည်းအသိပေးသည်။
အလားတူ ဒုတိယအကြိမ်တိုက်ခိုက်မှုကိုယင်းနေ့ ၁၁ နာရီခွဲခန့်တွင် မြို့ပတ်နေသော စစ်ကားအပြာတစ်စီးအား ရေးမြို့ပြည်သူ့ရင်ပြင်ကွေ့အနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လေးဦးထိခိုက်ဒဏ်ရာရသွားသည်ဟုလည်းပါရှိသည်။
YGF အနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ထောက်တိုင်များအား စစ်ရေးအရှိန်မြှင့်၍တိုက်ခိုက်သွားမည်ဖြစ်ရာပြည်သူများအနေဖြင့်လည်းတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပေးကြရန် အသိပေးသည်။
ထို့အပြင် စစ်ကောင်စီတပ်လမ်းကြောင်းများ သတင်းပေးပို့ခြင်း၊ ည ၈ နာရီနောက်ပိုင်း မလိုအပ်ဘဲ အပြင်မထွက်ခြင်းနှင့်အိမ်မီးများပိတ်ပေးထားခြင်း၊ ကားမှန်များချမောင်းခြင်း၊ စစ်ကောင်စီတပ်များအနီး နေထိုင်ခြင်းလုံးဝမပြုခြင်းတို့ဖြင့် အကူအညီပေးကြရန် YGF ကတိုက်တွန်းသည်။
၎င်းတို့ YGF ရဲဘော်များဘက်မှလည်း ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ အသက်နှင့်ခန္ဓာအားပဓာနမထားဘဲအစွမ်းကုန်ကြိုးစားပြီး ရွတ်ရွတ်ချွံချွံတိုက်ခိုက်ိသွားမည်ဟုကတိသစ္စာပြုထားသည်။
