စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တောင်တွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မင်းကင်း)က ယနေ့(ဇွန် ၅)ထုတ်ပြန်သည်။
ယနေ့နံနက် ၉ နာရီခွဲက ကျော်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လက်ပံတောကျေးရွာအနီးလာရောက်စဥ် နှစ်ဖက်ထိတွေ့မှု နာရီဝက်ခန့် ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ အသေ အပျောက်ရှိနိုင်သော်လည်း ထိခိုက်သေဆုံးမှုအခြေအနေအား အတိအကျမသိရသေးဟု ထုတ်ပြန်သည်။
“အဆုံးထိတိုက်မှာဗျ။ (အခက်ခဲဘယ်လောက်ရှိရှိ) ကျွန်တော်တို့ ခေါင်းမခဲဘူး။ PDF တွေများလာပြီ။ ဒီကောင်တွေ အပြင်ထွက်ရဲထွက်လာကြည့် စောင့်ကြည့်ပြီး ဆော်မှာ”ဟု တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မင်းကင်း)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
အထက်ပါ နာရီဝက်ကြာတိုက်ပွဲတွင် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် လက်ပံတောရွာအနီးမှ ပြည်သူပိုင်တဲတစ်လုံးကို မီးရှို့ဖျက်ဆီးသွားသည့်အပြင် နွားတစ်ကောင်အား ပစ်သတ်သွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။
