တောင်ကြီးသို့လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်မှ ဒုခေါင်းဆောင်စိုးဝင်း၏ယာဥ်တန်းကို ဗုံးခွဲတိုက်ခိုက်သော်လည်း စက္ကန့်အနည်းငယ်စောပေါက်သွားကြောင်း မြို့ပြပြောက်ကျားတပ် SYM(UG)အဖွဲ့က ယနေ့(ဇွန် ၂၄) ထုတ်ပြန်သည်။
ယနေ့နေ့လယ် ၁ နာရီ ၂၅ ခန့်က တောင်ကြီးမြို့၊ မြို့မစျေးမီးပွိုင့်အနီးရှိ ယာဥ်ထိန်းရဲကင်းရုံးအတွင် စစ်ကောင်စီဒုတိယခေါင်းဆောင်လမ်းကြောင်းအားစောင့်စိုင်းဖောက်ခွဲခဲ့ရာစက္ကန့်အနည်းငယ်စော၍ ပေါက် ကွဲသွားကြောင်းဖော်ပြသည်။
“စိုးဝင်းလမ်းကြောင်းကိုဖောက်ခွဲရန်ရည်ရွယ်သော်လည်းစက္ကန့်အနည်းငယ်မျှစော၍ဖောက် ခွဲလိုက်မိသည်ကိုမိဘပြည်သူများအားများစွာအားနာလျက်ရှိပါသည်။ထိုသို့ဖောက်ခွဲလိုက်ရခြင်းမှာလဲအကြောင်းအရာများစွာရှိနေသောကြောင့် မိဘပြည်သူများအနေဖြင့် သိရှိနားလည်ခွင့်လွတ်ပေးစေလိုပါသည်”ဟု SYM(UG) အဖွဲ့ကအသိပေးသည်။

“ကျွန်တော်တို့ သတင်းရထားတာအရထိခိုက်ပျက်စီးမှုတော့ ရှိတယ်ဗျ။ အတိအကျကိုတော့ဆက်လတ်စုံစမ်းနေပါတယ်ဗျ”ဟု SYM(UG)မှ ရဲဘော်တစ်ဦးက ပြောသည်။
ထိုဖောက်ခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေအား ဆက်လက်စုံစမ်းနေပြီးထိ့ခိုက်မှု စာရင်းရရှိပါက ထပ်မံသတင်းထုတ်ပြန်ပေးသွားမည်ဟုလည်းပါရှိသည်။
နောက်နောင်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထောက်တိုင်များ၊ လုပ်ငန်းများ စသည်တို့ကို အလျဥ်းသင့်သလိုတိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၎င်းတို့အနီးပါတ်ဝန်းကျင်မှ ရှောင်ရှားပေးကြရန်လည်းနှိုးဆော်ထားသည်။
တောင်ကြီးမြို့၌ဇွန် ၂၆ရက်တွင်ပြုလုပ်မည့်ဖမ်းဆီးရမိသည်ဆိုသောမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးမည့်ပွဲတက်ရောက်ရန် စစ်ခေါင်းဆောင်တစ်ဦးတောင်ကြီးသို့လာမည်ဟုသတင်းထွက်ပေါ်နေသော်လည်းမှန်ကန်မှုရှိ၊မရှိကိုPeople’s Springကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
