စစ်ကိုင်းတိုင်း၊မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်စစ်ကောင်စီယာဥ်တန်းနှင့်ယာဥ်တန်းအားလုံခြုံရေးယူပေးမည့်ကင်းပုန်းချကားအပါအဝင်၃ကြိမ်တိုင်တိုက်ခိုက်ခဲ့ရာစစ်သား သေဆုံးမှုများကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် MRA က သတင်းထုတ်ပြန်သည်။
ယနေ့ (ဇွန်လ၂၁ရက်)နံနက် ၁ဝ နာရီတွင် အကြမ်းဖက်စစ်တပ်ယာဥ်တန်းအား လုံခြုံရေးယူရန်ထွက်ခွာလာသည့် ကင်းသမား ၁၅ဦးပါ Canda ကားအဖြူတစ်စီးအား ချောင်းဦးနှင့်မြင်းမူမြို့ကြားတွင် MRAက စတင်မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုတွင် စစ်ကောင်စီ၏လုံခြုံရေးကင်းသမားများ ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း MRA၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့နောက်နံနက်၁၁ နာရီခွဲခန့်တွင် မုံရွာမှထွက်ခွာလာသော အစီး ၁၀၀၀ခန့်ပါစစ်ကောင်စီတပ်ယာဥ်တန်းအားမြေနဲကျေးရွာနှင့်မင်းရွာကြား၌ပဒေသာမိုင်းဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
မိုင်းဆွဲတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီးဒဏ်ရာရသူအများအပြားရှိကြောင်းမြေပြင်ကင်းထောက်ရဲဘော်များက အတည်ပြုသည်ဟု MRA ကဆိုသည်။
အကြမ်းဖက်စစ်တပ်ကရမ်းသမ်းပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့ပြီး လမ်းဘေးရှိ ၎င်းတို့၏ ကင်းပုန်းစစ်သားများကို အော်ဟစ်ဆဲဆိုခဲ့သည်ဟုသိရသည်။ အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သူများအား အိမ်စီးကားများဖြင့် လာရောက်သယ်ယူသွားသည်ဟု MRAက အသိပေးသည်။
ထိုအပြင်နေ့လယ် ၁ နာရီခန့်တွင်လည်းယာဥ်တန်း၏ရှေ့ဆုံးကားနှစ်စီးအား ချောင်းဦးနှင့်မြင်းမူမြို့ကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာ ရရှိကြောင်း MRA၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် MRAထံ People’s Springက ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။ အကြမ်းဖက်စစ်တပ်၏ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ယနေ့နေ့လယ်ပိုင်းကပင် မုံရွာ-မန္တလေးလမ်းမကြီးပေါ်၌ ဖြတ်သန်းလာသည့် အကြမ်းဖက်စစ်တပ်ယာဥ်တန်းအား မုံရွာမြို့နယ်အတွင်း နှစ်နေရာ၊ မြင်းမူမြို့နယ်အတွင်း နေရာ၃နေရာ၌ ဒေသတွင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။
