●ရခိုင်မြောက်ပိုင်း စစ်ရေးတင်းမာနေ
အာဏာသိမ်းစစ်ကောင်စီတပ်မှ ရေတပ်အရာရှိ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးကို ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့တွင်ထပ်မံ ဖမ်းဆီးလိုက်ခြင်းကြောင့် စစ်ကောင်စီတပ်က စစ်တွေမြို့ပေါ် ရှိရပ်ကွက် အချို့သို့ ဝင်ရောက် စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်သကဲ့သို့ ပစ်ခတ်မှု အချို့လည်း ဖြစ်ခဲ့ကြောင်း ရခိုင်ဒေသခံတစ်ဦးက ပြောသည်။
ရေတပ်မှ အရာရှိဖမ်းဆီးခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်က မသင်္ကာသူအားလုံးကို ဖမ်းခြင်း၊ ဆိုင်ကယ်နှင့် သွားနေသူများအား ခေါ်မရပါက သေနတ်ဖြင့်လှမ်းပစ်ခတ်ခြင်း ပြုလုပ်ခဲ့သည်ဟုဆိုသည်။




“စစ်ကောင်စီက သူတို့ အရာရှိတွေ ပါသွားတယ်ဆိုတော့ မနေ့ကရော ဒီနေ့မနက်ရော စစ်တွေမှာ ဒေသခံ တွေရော အခြား လမ်းသွားလမ်းလာတွေနဲ့ တည်းခိုခန်းတွေကို ဝင်ပြီး စစ်ဆေးတာတွေ ဖမ်းတာတွေရှိတယ်။ စစ်တွေက နေပြီးတော့ တခြားမြို့တွေကို သွားတဲ့ လမ်းကြောင်းတွေ အကုန်လုံးကို ပိတ်ဆို့လိုက်တယ်။ သူတို့ က ဘယ်လို ထင်လဲဆိုတော့ စစ်တွေက ကျွန်းဖြစ်နေတယ် စစ်တွေပတ်ပတ်လည်က အကုန်လုံး ရေပတ်လည် ဝိုင်းရံထားတယ် ဆိုတော့ စစ်တွေမြို့ရဲ့ အဝင်အထွက်တွေ အကုန်လုံးမှာ သူတို့ရဲ့ စစ်ဆေးရေးဂိတ် တွေရှိတယ်။ သူတို့က မနေ့က ဖမ်းသွားတဲ့ သူတွေကို AAက နေ ပြီးတော့ စစ်တွေမှာ ထားလို့မရဘူး တခြားတစ်နေရာရာမှာ ရွေ့ရမှာ။ အဲဒါ ရွှေ့လို့မရအောင် သူက စစ်တွေမြို့ထဲမှာ ပတ်ရှာလို့တွေ့အောင် အဲဒီလိုမျိုး အဝင်အထွက်တွေ အကုန်လုံးကို ပိတ်လိုက်တယ်လို့ မြင်တယ်” ဟု ရခိုင်ဒေသခံက ပြောသည်။
ဇွန်လ ၂၃ရက်ညပိုင်းက စစ်ကောင်စီတပ်က စစ်ကောင်စီတပ်က ပစ်ခတ်မှုများကြောင့် ဒေသခံ ၂ဦး သေဆုံးသည်ဟု သတင်းထွက်ခဲ့သည်။




“မနေ့ညက တွေ့ရတာက ရိုက်နှက်ဖမ်းဆီးတာတွေတွေ့ရတယ်။ ညဘက်မှာသေနတ် အချက် ၂၀၊ ၃၀ လောက်ပစ်ဖောက်တာတွေရှိတယ်။ မနေ့က ပြောတာတော့ သေနတ် ပစ်ခံရလို့ ၂ယောက်သေတယ်လို့ ပြောတယ် ဒါပေမဲ့ ဒီနေ့သေချာစုံစမ်းလိုက်တဲ့အချိန်မှာ သေနတ် ဒဏ်ရာနဲ့တစ်ယောက်တော့ စစ်တွေဆေးရုံကို ရောက်နေတယ်။ ပစ်ခတ်ခံရတဲ့ဒေသခံတွေရှိတယ်လို့ပြောလို့ရတယ်” ဟု စစ်တွေဒေသခံက ပြောသည်။
လက်ရှိတွင် AA ဘက်ကလည်း တပ်ဖွဲ့ဝင်များ ရာနှင့်ချီ စစ်ရေးလှုပ်ရှားမှု ရှိလာပြီး ရခိုင်ပြည် မြောက်ပိုင်း တစ်ခုလုံး၌ စစ်ရေးတင်းမာနေသည်ဟု ဆိုနိုင်ကြောင်း ၎င်းက ပြောသည်။




“ဒီနေ့ မြောက်ဦးမှာလည်းဖမ်းတာတွေ စစ်ဆေးတာတွေရှိတယ်။ နောက်ပြီးတော့ ဘူးသီးတောင် ၊ မောင်တောတို့ အငူမော်ကားလမ်းတို့ နောက် အခြား မြို့အဝင်အထွက်တွေမှာ အရင်ထက်စာရင်အများကြီး စစ်ဆေးမှုတွေ တင်းကြပ်လာတယ်” ဟု ရခိုင်ဒေသခံက ပြောသည်။
ယခုကဲ့သို့ ပြည်သူလူထုများအား အကြမ်းဖက် ဖိနှိပ်မှုများ စစ်ကောင်စီတပ်က ဆက်လက် လုပ်ဆောင်နေပါက တိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်ကြောင်း ဒေသခံက သုံးသပ်သည်။ ယခင်က ပြဿနာများ ဖြစ်ပါက ကြားခံများမှ တစ်ဆင့် ညှိနှိုင်းလေ့ရှိသော်လည်း လတ်တလော အခြေအနေများနှင့်ပတ်သက်၍ ညှိနှိုင်းသည်ကို မကြားမိဟု ရခိုင်ဒေသခံက ပြောသည်။
