စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ရန်လင်းဖိုင်နှင့် ခွန်မွန်နွန်ရွာ အကြားတွင် ဒေသခံလူငယ် ၃ ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးကာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း PDF (တမူး)က တာဝန်ရှိသူကပြောသည်။
ဒေသခံလူငယ် ၃ ဦး၏ ရုပ်အလောင်းကို ယနေ့မနက်က ခွန်မွန်းနွန်ကျေးရွာတွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အသတ်ခံရသည့် လူငယ် ၃ ဦးတွင် ရန်လင်းဖိုင်ရွာမှ နှစ်ဦး၊ ခွန်မွန်းနွမ်ရွာမှ တစ်ဦးဖြစ်သည်ဟု PDF(တမူး) တပ်ရင်း ၃ မှ တာဝန်ရှိသူကပြောသည်။
“ကလေးဘက်က တက်လာတဲ့ ကားတွေ(စစ်ကောင်စီတပ်ကားတွေ)က ရန်လင်းဖိုင်ရွာကို မီးရှို့ပါတယ်၊ပြီးဆက်လာတော့ မိုင်းဆွဲခံရတာပါ”ဟု PDF(တမူး) တာဝန်ရှိသူကပြောသည်။
အင်အား ၁၀၀ကျော်ပါသည့် စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များက ဇွန် ၂၃ ရက် ညနေ့ ၄နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ကရန်လင်းဖိုင်ကျေးရွာမှနေအိမ် ၄လုံးကို မီးရှို့ခဲ့ပြီးသေနတ်ဖြင့်လည်းပစ်ခတ်ခဲ့သည်။ စစ်တပ်ကအကြမ်းဖက်မှုကြောင့် ဒေသခံရွာသား ၂၀၀ ခန့်သည် အိန္ဒိယ နယ်စပ်ကို ထွက်ပြေးသွားကြသည်ဟု ဒေသခံများကပြောသည်။
တမူး PDF က စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်ဝေခံ ပျူစောထီးများအား ဇွန် ၂၂ ရက်က တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီး ၂၅ ယောက်သေဆုံးခဲ့သည်ဟု PDF(တမူး)က ထုတ်ပြန်ထားသည်။
