မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်မုံရွာမှထွက်လာသည့် စစ်ကောင်စီတပ်၏ အစီး ၅၀ ကျော်ပါ ယာဥ်တန်းအားနှစ်ကြိမ်တိုက်ခိုက်ခဲ့ရာစစ်သားများသေဆုံးထိခိုက်များကြောင်း People’s Defence Force – South Monywa က သတင်းထုတ်ပြန်သည်။
ယနေ့ (ဇွန်လ၂၁ရက်)နေ့လယ်ပိုင်းက မုံရွာမှ စစ်ကိုင်းသို့ မုံရွာ-မန္တလေး လမ်းမကြီးအတိုင်း အကြမ်းဖက်စစ်တပ်၏ ၅၇စီးပါယာဥ်တန်းသွားနေစဥ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မုံရွာမြို့နယ်၊ မြေနဲရွာအနီး၌ ၂လုံးဆင့် မိုင်း၃လုံး တပြိုင်တည်းခွဲ၍ တိုက်ခိုက်ခဲ့ရာ ကားတစ်စီး ထိ၍ မီးခိုးများအူကာ ထိုးရပ်သွားပြီး ကားလေးတစ်စီးမှာ မိုင်းထိသောစစ်သား၂ ဦး အား သယ်ဆောင်သွားကြောင်း PDF South Monywa၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
နောက်ထပ်ကားကြီးနှစ်စီး အချိန်အနည်းငယ်အကြာတွင် ထပ်မံရောက်ရှိလာပြီး ဒဏ်ရာရအကြမ်းဖက်စစ်သားများအား တင်ဆောင်ကာမိုင်းထိကားအား ဆွဲယူသွားသည်ဟုဖော်ပြထားသည်။
ခင်မွန်ရွာနှင့် ချောင်းဦးမြို့ကြားတွင်လည်းချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ CHU PDF တို့နှင့်ပူးပေါင်း၍ ၃ လုံးဆင့်ပဒေသာမိုင်း ၁ လုံး၊ ၂ လုံးဆင့်မိုင်း ၃ လုံး၊ မိုင်းအကြီး ၁ လုံးတို့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ နံပါတ် ၄ စီးမြောက်၊ ၁၂ စီး မြောက်နှင့် ၁၃စီးမြောက်ကားများ ထိ၍ မီးခိုးများအူ ထိုးရပ်သွားခဲ့သည်ဟုPDF South Monywaကထုတ်ပြန်သည်။

“ဒီနေ့စစ်ဆင်ရေးက အောင်မြင်တဲ့စစ်ဆင်ရေးလို့ ပြောလို့ရပါတယ်ခင်ဗျ။”ဟု PDF South Monywaအဖွဲ့ တာဝန်ရှိသူက ပြောသည်။
မိုင်းခွဲတိုက်ခိုက်မှုကြောင့် လူနာတင်ယာဉ် ၂ စီး၊ ပွိုင့်ကား ၁ စီးဖြင့် သေဆုံးထိခိုက်နိုင်သည့် အကြမ်းဖက်စစ်သား ၂၀ မှ ၃၀ ကြားအား သယ်ဆောင်သွားကြသည်ဟု PDF South Monywaက အသိပေးသည်။
အကြမ်းဖက်စစ်တပ်၏ သေဆုံးထိခိုက်မှုအခြေအနေများနှင့်ပတ်သက်၍ People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
စစ်ကိုင်း-မုံရွာလမ်းများကို ယနေ့ ဇွန် ၂၁ ရက် နေ့လယ် ၁၂ နာရီအချိန်မှစ၍ တစ်နေ့လုံး ပြည်သူများ လမ်းအသုံးပြုခြင်း ခေတ္တရပ်နားကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကကြိုတင်မေတ္တာရပ်ခံထားသည်။
ထိုအပြင် ယနေ့နေ့လယ်ပိုင်းကပင် မုံရွာ-မန္တလေးလမ်းမကြီးပေါ်၊ မြင်းမူမြို့နယ်အတွင်း နေရာ ၃ နေရာ၌ ဒေသတွင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။
