စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်၌ ယမန်နေ့ညတွင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်၍ သားအမိ နှစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့(ဇွန်လ၂၃ရက်) ည၉နာရီခန့်က ချောင်းဦးမြို့ပေါ်၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် လက်နက်ကြီး (၇)ချက်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ၎င်းတို့ပစ်ခတ်မှုကြောင့် နေအိမ် သုံးလုံးထိမှန်ခဲ့ပြီး ကျောင်းရွာရပ်ကွက်နေ ဒေါ်ပေါက်နှင့် သမီးဖြစ်သူ မဝါမိုးတို့မှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ လက်နက်ကြီးထိမှန်သော အခြားနေအိမ်များတွင်လည်း ပြည်သူများဒဏ်ရာအများအပြား ရရှိထားကြောင်း ChaungU Revolutionက အသိပေးသည်။
“အရေးပေါ်ပါ။ အခြေအနေလုံးဝမကောင်းပါ။ မုံရွာတောင်နယ် တစ်ခုလုံးစစ်ကြောင်းထိုးနေတယ်။ မြေနဲမှာလည်းအစောပိုင်းက အိမ်တွေထဲထိဝင်မွှေနေတာ။ လက်ရှိချောင်းဦး အောင်ချမ်းသာနားမှာခွေးတွေလက်နက်ကြီးနဲ့ရမ်းထုတာ အမျိုးသမီး သုံးဦး၊အမျိုးသားတစ်ဦး ထိသွားတယ်။”ဟု PDF-South Monywa တာဝန်ရှိသူက ယမန်နေ့ည ၁၁နာရီဝန်းကျင်တွင် ပြောသည်။
မုံရွာ – မန္တလေးလမ်းမကြီး၏ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ဇွန်လ၂၃ရက် နေ့လယ်ပိုင်းမှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်များ ခပ်စိပ်စိပ်လှုပ်ရှားနေကြောင်း၊ ယနေ့နံနက် ၅ နာရီမတိုင်ခင်အထိ မည်သည့်ယာဉ်၊ မည်သည့်အကြောင်းပြချက်နှင့်မျှ မည်သူတစ်ဦးတစ်ယာက်မျှဖြတ်သန်းသွားလာခြင်းမပြုကြရန် PDFSouth Monywaက သတိပေးခဲ့သည်။
