စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်ကြေးနီစီမံကိန်း(တရုတ်ဝမ်ပေါင်ကုမ္ပဏီလုပ်ငန်း)ကင်းငယ်စခန်း တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သားငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီးအတွင်း၌ဆေးကုသနေကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဇွန်လ ၂၂ရက်၊ ည (၉)နာရီခန့်က ဝမ်ပေါင်ကုမ္ပဏီအတွင်းရှိ ကင်းငယ်စခန်းတစ်ခုအား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားငါးဦးခန့် ကုမ္ပဏီအတွင်းဆေးရုံတွင် ကုသမှုခံနေရကြောင်းသတင်းအား ဖုံးကွယ်ထားကြောင်း အတွင်းလူမှ သတင်းပို့သည်ဟုအမိမြေတော်လှန်ရေးတပ်ဖွဲ့က ယမန်နေ့ညတွင်အသိပေးသည်။
“အတွင်းဆေးရုံထဲမှာ ကုသပေးနေတယ်ဆိုတာပဲ ကြားရပြီး သေဆုံးမှုကို မသိရပါဘူး။လုံခြုံရေးတွေ ပိုချထားတယ်လို့လဲ သိရတယ်”ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက People’s Spring သို့ပြောသည်။
ကင်းငယ်စခန်းအားတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သား ၅ ဦးခန့်ရှိသော်လည်းသေနတ် ၆ ချက်သာ ပြန်ပစ်နိုင်ကြောင်းသိရသည်။
ထိုအပြင်လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း(တရုတ်ဝမ်ပေါင်)လုပ်ငန်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေပြီးဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းများနှုတ်ထွက်ကြရန် အမိမြေတော်လှန် ရေးတပ်ဖွဲ့က သတိပေးထားသည်။
အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း(တရုတ်ဝမ်ပေါင်ကုမ္ပဏီ)ကို အခြေပြုပြီး အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်း၊ ပစ္စည်းဥစ္စာများအားလုယက်ခိုးယူခြင်း၊ဖျက်ဆီးခြင်းများပြုလုပ်နေသည်။
ဝမ်ပေါင်ကုမ္ပဏီအခြေစိုက်အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုဇွန်လ ၂၂ရက်ညနေ၆နာရီခွဲခန့်ကအမိမြေတော်လှန်ရေးတပ်ဖွဲ့နှင့်အတူ Young People Force (YPF ) ၊ Regional Friend Fighters (RFF) နှင့် ချိုမိုင်မိုင်တပ်ဖွဲ့တို့ ပူးပေါင်းပြီး လက်လုပ်ရှော့ဒုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့ကအသိပေးသည်။
စစ်ကောင်စီတပ်သည် ဖမ်းဆီးလူသတ်အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုများကြောင့် ဝမ်ပေါင်ကြေးနီစီမံကိန်းဝန်းကျင်ရှိ ကျေးရွာ ခြောက်ရွာမှဒေသခံပြည်သူ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်နေရသည်။
အကြမ်းဖက်စစ်တပ်သည်ဇွန်လ ၂၁ရက်က ဆားလင်းကြီးမြို့နယ်၊ မြန်မာ – ဝမ်ပေါင်ကုမ္ပဏီအနီးရှိ မိုးကြိုပြင်မြောက်ရွာအား ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့ကြပြီး ပြည်သူနှစ်ဦးကိုလည်းလည်လှီးလက်ဖြတ်ကာမီးရှို့သတ်ဖြတ်သွားကြောင်း SBTFအဖွဲ့က ထုတ်ပြန်ထားသည်။ ထိုကြောင့်ဒေသခံ PDFများကလက်တုံ့ပြန်တိုက်ခိုက်နေခြင်း ဖြစ်ကြောင်းထုတ်ပြန်ထားသည်။
