ဂန့်ဂေါမြို့ကထွက်၍ ကလေးဘက်သို့ထွက်လာသည်နှင့်လမ်းတစ်လျှောက် အာဏာသိမ်းစစ်ကောင်စီ၏ အရိပ်အယောင်ကိုပင်မမြင်ရတော့။မိုင် ၁၀၀ ဝန်းကျင်ကွာဝေးသောဂန့်ဂေါမြို့- ကလေးမြို့ကို ဆက်သွယ်ထားသည့် လမ်းမကြီးတစ်လျှောက်ပေတရာလမ်းဘေးနေရာအချို့တွင် ချိုင့်ခွက်များ၊ ပေတရာလမ်းချိုင့်ခွက်အချိုမှအပင်များပေါက်နေသောနေရာများကို တွေ့ရသည်။ လမ်းပေါ်တွင် ယာဥ်အသွားအလာနည်းပြီး သွားလာနေသောဒေသခံများမှာလည်း ကျန်ဒေသများနှင့်မတူ အေးအေးလူလူသွားလာနေကြသည်။
အဆိုပါလမ်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားခြင်းဖြစ်ပါသည်။ထိုသို့ထိန်းချုပ်ထားသည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်သည်။


ထိုလမ်းမတွင်ဒေသခံကာကွယ်ရေးတပ်များ၏ မိုင်းဆွဲတိုက်ခိုက်မှုများအားကောင်းနေခြင်းကြောင့် စစ်ကောင်စီတပ်များက မော်တော်ယာဉ်သာမက ခြေလျင်စစ်ကြောင်းပါမသွားရဲတော့သောလမ်းမတစ်ခုလည်းဖြစ်သည်။
လမ်းတလျှောက်တွေ့ရသောချိုင့်များမှာစစ်ကောင်စီတပ်များ၏ ကားတန်းများကို မိုင်းဆွဲတိုက်ခိုက်သည့် မိုင်းတွင်းများဖြစ်သည်။ ထိုအပြင် စစ်ကောင်စီတပ်၏ မိုင်းထိထားသော ကားအပျက်အစီးများကိုလည်း လမ်းဘေးတွင် မကြာခဏတွေ့ရသည်။


စစ်ကောင်စီတပ်များမိုင်းဆွဲတိုက်ခိုက်ခံရပြီး အထိနာလျှင် အညှိုးတကြီး မီးရှို့ဖျက်ဆီးခဲ့သောကျေးရွာများကိုလည်းဝမ်းနည်းဖွယ်ရာကြိုကြားကြိုကြားတွေ့ရတက်သည်။

ယခုအချိန်တွင် မြို့ကြီးနှစ်မြို့ကို ဆက်သွယ်ပေးထားသည် အဓိက လမ်းမကြီး၌ သွားလာသူအနည်းငယ်သာရှိ၍ ခြောက်ကပ်နေသည်။ ဒေသခံများကတော့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို ဟိုတစ၊ သည်တစ လုပ်ကိုင်နေကြသည်။ အဓိကအားဖြင့်မကွေးတိုင်း၏ အဓိက စိုက်ပျိုးသီးနှံဖြစ်သော နှမ်းများကိုစိုက်ပျိုးထားကြခြင်းဖြစ်သည်။


သို့သော်မီးရှို့ဖျက်ဆီးခံထားရပြီး ဒေသခံအများစုတိမ်းရှောင်ခဲ့ရသောရွာအချို့အနီးဝန်းကျင်တွင် ယခုမိုးရာသီသီးနှံများမစိုက်ပျိုးနိုင်ကြပေ။
ဂန့်ဂေါနှင့်ကလေးလမ်းတွင် မြို့ ပေါ်နှင့် မြို့အနီးနေရာအချို့ကိုသာစစ်ကောင်စီတပ်ရှိပြီးထိန်းချုပ်ထားနိုင်ပြီး လမ်းတစ်လျှောက်မှာ ဒေသခံPDF များကထိန်းချုပ်ထားသည်။ ထိုကြောင့်လမ်းတစ်လျှောက်အာဏာသိမ်းစစ်ကောင်စီ စစ်သားများ ၊ရဲများကိုယောင်လိုပင်မတွေ့ရပေ။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်ကိုင်းတိုင်းနှင့် မကွေးမြောက်ပိုင်းရှိ လမ်းမကြီးများ၏ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီဟုပြောကြားမှုကို လေလုံးထွားလွန်းသည်ထင်လျှင် ဂန့်ဂေါ-ကလေးလမ်းကို ရောက်လျှင် သင့်အမြင်ပြောင်လဲသွားမည်ဖြစ်သည်။




ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကိုသာလမ်းတွင်တွေ့ရသည်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာကားလမ်းပေါ်သွားလာချိန်တွင် ဒေသခံများက ကြောက်လန့်ခြင်းမရှိဘဲ ရင်းနှီးစွာပြောဆိုဆက်ဆံကြသည်။




“စခတွေက စစ်ကြောင်းထိုးရင် ဒီလမ်းမကြီးကို လာကိုမလာရဲဘူး။တောလမ်းနဲ့ လမ်းကွင်းတွေထဲကပဲ စစ်ကြောင်းထိုးရဲတယ်။ နောက်လလယ်လောက်ဆိုရင် နှမ်းပင်တွေကြီးလာရင် သူတို့ လယ်ကွင်းထဲကို ဖြတ်လို့ရမှာမဟုတ်ဘူး။ အဲ့ဒီအချိန်ယောနယ်ဘက်ကို စစ်ကြောင်းထိုးရင် ဒီလမ်းတစ်လမ်းဘဲ သုံးရတော့မှာ အဲ့အချိန်ကြ လာရဲလာခဲ့ပေါ့”ဟု ကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးကပြောသည်။


လမ်းတစ်နေရာတွင် “မင်းအောင်လှိုင်အလိုမရှိ” ဟုရေးထားသော စာတမ်ကိုတွေ့ရသလို ၊ “We want Democracy” စာတမ်းကိုလည်းတွေ့ရသည်။ စစ်အာဏာရှင်အလိုမရှိခြင်းနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ခြင်း၏ သင်ကေတများဖြစ်သည်။ ဒေသခံပြည်သူများ၏ ပြင်းပြသောစိတ်ဆန္ဒ၊ ဇွဲသတ္တိလုံးလနှင့်ကြိုးစာရုန်းကန်တိုက်ပွဲဝင်ခြင်းတို့၏ရလာဒ် မှာ နယ်မြေကြမ်းတမ်းသော်လည်း လွတ်လပ်မှု၏အသီးအပွင့်တို့ကို မြင်နေရပြီဖြစ်လေသည်။
ဓါတ်ပုံ-People’s Spring
