ကလေးမြိုနယ်တွင် စစ်ကောင်စီတပ်နှင့်လေးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအနည်းဆုံးလေးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း PDF (ကလေး)ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်နှင့် PDF(ကလေး)တို့ကြား မေ ၂၈ ရက်မှ မေ ၃၁ ရက်အထိ လေးရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မေလ ၂၈ရက်တွင်စစ်ကောင်စီတပ်သည် ကလေးမြို့တောင်ပိုင်း၊ရန်ကြီးအောင်ရွာဘက်မှဟဲလုပ်ရွာသို့စစ်ကြောင်းထိုး
လာသဖြင့် PDF(ကလေး)၊ CNDF ၊ CDF(KKG)တို့ကပူးပေါင်းတိုက်ခိုက်ရာမနက် ၉နာရီမှ နေ့လယ် ၁၂ နာရီအထိ ဟဲလုပ်ရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ဦးသေဆုံးခဲ့သည်ဟု PDF(ကလေး) ကထုတ်ပြန်ထားသည်။
တစ်ချိန်တည်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ထောက်ကြံရွာအနောက်ဘက်ရှိ PDF(ကလေး) တပ်ရင်း ၂ ၏စခန်းဟောင်းကို အင်အား ၂၀၀ဖြင့် ဝင်ရောက်ခဲ့သည်။ PDF(ကလေး)က တိုက်မိုင်းများထောင်ခဲ့ရာ တိုက်မိုင်းများပေါက်ကွဲ၍ စစ်ကောင်စီတပ်သားအများအပြားထိမှန်ခဲ့သည်ဟုလည်းဖော်ပြထားသည်။
“စခ(စစ်ကောင်စီတပ်) တွေ စခန်းသိမ်း/မသိမ်း အတည်မပြုနိုင်သေးပါဘူး၊အခုကတော့ ရဲဘော်တွေ ဘေးကင်းရာ နေရာ အသီးသီးကို ခွဲပြီးပြောင်းရွှေ့ထားပါတယ်၊ တပ်ရင်း-၂ နဲ့ ပ.က.ဖ က ရဲဘော်တွေကတော့ တစ်ဦးတစ်ယောက်မှ အထိအခိုက်မရှိပါဘူးဗျ”ဟုPDF(ကလေး) တပ်ရင်း-၂ တာဝန်ရှိသူကပြောသည်။
မေလ ၂၉ ရက်တွင် PDF(ကလေး) တပ်ရင်း-၂ စခန်းဟောင်းကို ဝင်ရောက်မွှေနှောက်ခဲ့သောစစ်ကောင်စီတပ်များသည် ဇော်လ်ပီးရွာနှင့် သုံးအိမ်စုရွာ များသို့ ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ကြသည်။ထို့အပြင် စစ်ကောင်စီတပ်က သုံးအိမ်စုရွာမှ စိတ်ကျန်းမာရေးချို့ယွင်းနေသူတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ သုံးအိမ်စုရွာအနီးတွင်စစ်ကောင်စီတပ်များကို PDF(ကလေး)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိနိုင်သည်ဟုလည်းအသိပေးထားသည်။
မေလ၃၀ရက်တွင်သုံးအိမ်စုရွာမှလေးအိမ်စုရွာသို့စစ်ကောင်စီတပ်များဆက်လက်ထွက်လာရာလေးအိမ်စုရွာအနီးတွင် PDF(ကလေး)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ခန့် ထိမှန်ခဲ့သည်ဟု PDF(ကလေး)ကပြောသည်။ ထိုနောက် စစ်ကောင်စီတပ်သည် မြို့လှရပ်ကွက်သို့ ဆုတ်ခွာသွားခဲ့သည်။
မေလ ၃၀ ရက်မှာပင် အင်အား ၂၀၀ခန့်ပါသည့် စစ်ကောင်စီတပ်သည့် ကလေးနည်းပညာတက္ကသိုလ်မှ ထောက်ကြံရွာသို့ စစ်ကြောင်းထိုးလာခဲ့သည်။ မေ ၃၁ ရက် ( ယနေ့ ) တွင် အထက်ပါ အင်အား ၂၀၀ပါ စစ်ကြောင်းကို နတ်မြောင်းရွာအနီးတွင် PDF(ကလေး)က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ နေ့လယ် ၂နာရီတွင် စစ်ကောင်စီတပ်များသည် နတ်မြောင်ရွာနှင့်နတ်ချောင်းရွာများကို ဝင်ရောက်ခဲ့သည်။ ထိုကြောင့် PDF (Kalay) ၊ CNDF ၊ CDF (KKG) နှင့် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များဖြင့် ၃၀ မိနစ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့သည်ဟု PDF(ကလေး)ကထုတ်ပြန်သည်။
တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကပစ်ခတ်ခဲ့သည့်လက်နက်ကြီးသည် နတ်မြောင်းရွာ ဘုန်ကြီးကျောင်းအတွင်းကျရောက်ပြီး ၅ နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် စစ်ဘေးရှောင် ၅ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ညနေ ၆နာရီခန့်က စတင်ပြီး နတ်ချောင်းရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု PDF(ကလေး)ကပြောသည်။
“လူထုကိုပြောချင်တာကတော့ ကျနော်တို့ ပိုခက်ခဲလာတယ်။ အရင်ကဘာပဲဖြစ်ဖြစ်စခန်းအတည်တကျရှိတော့လက်နက်ခဲယမ်းအတွက်ပဲ အားစိုက်စုဖြစ်တယ်။ အခုစခန်းပြန်တည်
ဆောက်ရရင်တော့ တစ်ကပြန်စရမယ့်သဘောဖြစ်လို့ အစစအရာရာ လိုအပ်နေတာပေါ့။ အခက်အခဲနဲ့အောင်ပွဲဟာတွဲလျက်ပဲမို့ ကျတော်တို့ဘက်က ဘယ်တော့မှ စိတ်ဓါတ်ကျသွားမှာ မဟုတ်ဘူးလို့ လူထုကို ကတိပေးချင်ပါတယ်။နိုင်သလောက်လေးနဲ့ နည်းများမဆို ကူညီကြပါဦးလို့လည်း မေတ္တာရပ်ခံချင်ပါတယ်ဗျ” ဟု PDF(ကလေး) တပ်ရင်း-၂ တာဝန်ရှိကပြောသည်။
လက်ရှိတွင်ကလေးဒေသတွင် စစ်ရေးဆက်လက်တင်းမာနေပြီး ကလေးမြို့တောင်ပိုင်းကို မလိုအပ်ခရီးမသွားရန်လည်း PDF(ကလေး)ကမေတ္တာရပ်ခံထားသည်။
