PDF ရဲဘော် သုံးဦးကျဆုံး
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ယမန်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) ယင်းမာပင်ခရိုင် တပ်ရင်း (၁)က သတင်းထုတ်ပြန်သည်။
ဇွန်လ ၁၅ရက် ညနေ ၄နာရီခွဲတွင် စစ်ယာဉ်တန်းကို ပုလဲ-မင်းတိုင်ပင် – ယင်းမာပင်လမ်းတွင် ပွိုင့် ၆ ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အကျအဆုံးများနိုင်ပြီး ယာဉ်တန်းရပ်တန့်မှုပင်ရှိခဲ့သည်ဟု ဆိုသည်။
အထိနာသည့် စစ်ကောင်စီတပ်များက ရမ်းသန်းပစ်ခတ်ခဲ့ရာ PDF ရဲဘော် ၃ဦး ကျဆုံးခဲ့ရပြီး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။
ကျန်နေသည့် ရဲဘော်များသည် မဟာမိတ် တပ်များ၏ လက်နက်ငယ်ပစ်ကူဖြင့် ဘေးကင်းရာသို့ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း(၁)က အသိပေးထားသည်။
အဆိုပါ စစ်ကောင်စီယာဉ်တန်းကို မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)ကလည်း ယနေ့တွင် မင်းတိုင်ပင်နှင့် လက်ပုကန်ရွာ ကြား၌လည်းကောင်း၊ လက်ပုကန်ရွာအနီး၌ လည်းကောင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု MRDAက ထုတ်ပြန်ထားသည်။
