ကြံခင်းမြို့မှ ဒုရဲအုပ်တစ်ဦးသည် စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လို၍ နှုတ်ထွက်စာတင်ထားစဥ် ရခိုင်ပြည်နယ်သို့ ပြောင်းရွေ့မိန့်ချကြလာ၍ ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်ခတ်အဆုံးစီရင်သွားကြောင်း ဒေသခံများက ပြောသည်။
ဧရာဝတီတိုင်း ကြံခင်းမြို့ဘိလပ်မြေရဲကင်းမှ ရဲကင်းမှူးဒုရဲအုပ်ဝင်းမြင့်ထွန်းသည် ဇွန်လ ၁၄ရက်ညတွင် အဆုံးစီရင်သွားခဲ့ခြင်း ဖြစ်သည်။
“သူက စစ်တပ်အာဏာသိမ်းပြီးနဲ့နောက် နှုတ်ထွက်ခွင့်တင်ထားတာ။သူ့ကို နှုတ်ထွက်ခွင့်မပေးတဲ့အပြင် ရခိုင်ကိုပါ ပြောင်းမိန့်ကျလာလို့ သတ်သေသွားတာ”ဟု ဘိလပ်မြေရဲကင်းနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။
ဒုရဲအုပ်ဝင်းမြင့်ထွန်းသည် ကိုယ့်ကိုကိုယ် သေနတ်ဖြင့်သုံးချက်ပစ်၍ အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာဖြစ်သော ဧရာဝတီတိုင်းတော်လှန်ရေးသတင်းဌာနကလည်း ထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်းအတွင်း တာဝန်ကျနေသော ရဲတပ်ဖွဲ့ဝင်များသည် စစ်ကောင်စီလက်အောက်တွင် ဖိအားမျိုးစုံရင်ဆိုင်နေရသည်ဟု ကာယကံရှင်များက ဆိုသည်။ ဇွန်လ ၉ရက်ကလည်း ဖျာပုံမြို့နယ် တရားရုံးတရားခွင်တွင် တရားသူကြီးနှင့် ဒုရဲအုပ်တစ်ဦး စကားများပြီး ဒုရဲအုပ်က သေနတ်ဖြင့် ပစ်ခတ်ရန်ပြင်ဆင်သည်အထိ တင်းမာမှုဖြစ်ခဲ့သည်။
တရားခွင်အတွင်း တရားခံနှင့်သက်သေများဝိုင်းဆွဲခဲ့ရသည်ဟု မျက်မြင်ဒေသခံများက ပြောသည်။
ထို့အပြင် ဇလွန်မြို့တွင် တာဝန်ကျနေသော ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ဇွန်လ ရက်က ထွက်ပြေးသွား၍ ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေသည်။
