ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်ကောင်စီ၏ ရဲတပ်ရင်းမှ ဒုရဲအုပ်တစ်ဦးအပါအဝင် ရဲနှစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေသူများက People’s Spring သို့ အသိပေးသည်။
ဖားကန့်အခြေစိုက် ရဲတပ်ရင်း(၃၀)မှ ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်သားတစ်ဦးကို မေလ ၂၁ရက် နံနက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားခြင်းဟုဆိုသည်။
“ရဲတွေက အရပ်ဝတ်နဲ့ စျေးလာဝယ်တုန်း လူတွေ့ကြားထဲတင် အေးအေးဆေးဆေး ဖမ်းခေါ်သွားတာ။ စစ်တပ်ကတော့ မီးခဲကိုင်မိတဲ့မျောက်လို လန့်နေတယ်။ လာလည်းမစစ်ရဲသလို ဘယ်သူကမှလည်း ပြောပြမှာမဟုတ်ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖားကန့်တွင် ယခင်က ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) လှုပ်ရှားနေရာမှ စစ်တပ်အာဏာသိမ်းပြီးနောက် KIAနှင့် PDF ပူးပေါင်းအဖွဲ့က စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေသည်။ သို့သော် ရဲနှစ်ဦးအား ဖမ်းဆီးသွားသည့်အဖွဲ့ကို မသိဟု ဒေသခံများက ပြော သည်။
စစ်ကောင်စီလက်အောက်ခံ ရဲတပ်ရင်းသည် ပြည်သူ လူထုအား ဖြိုခွင်းရာတွင် ရှေ့တန်းမှပါဝင်သည့် ရဲတပ်ဖွဲ့ဖြစ်သည်။ ရဲတပ်ရင်းများ ကွပ်ကဲမှုဌာနကို အုပ်ချုပ်သူသည် စစ်တပ်မှ အသွင်ပြောင်းလာသူ ရဲမှုးချုပ် ကြည်လင်းဖြစ်သည်။
