ထီးချိုင့်မြို့နယ် မန္တလေး-ဗန်းမော်ဗျူဟာလမ်းတစ်နေရာတွင် စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း Eagles Army-HPDF က ယနေ့(ဇွန် ၁၃)အသိပေးထုတ် ပြန်သည်။
ဖမ်းဆီးရမိသော ရဲဝန်ထမ်းမှာ ဒုရဲအုပ်သန်းဝင်းအောင်(ကိုယ်ပိုင်အမှတ် လ/၁၉၆၄၃၃)ဆိုသူဖြစ်ပြီး သတင်းအရ ဇွန် ၁၁ ရက်ကစောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“ကျွန်တော်တို့က မန္တလေး-ဗန်းမော်ဗျူဟာလမ်းမှာပုံမှန်နယ်မြေရှင်းလင်းရေးလုပ်တာရှိတယ်။ သတင်းရရင်ရသလို စကစတွေကို စောင့်ဖမ်းတာလည်း ရှိတယ်။ဒီရက်ပိုင်း ဖမ်းဆီးမိတဲ့ဖြစ်စဥ်တွေက သတင်းကြိုရလို့ စောင့်ပြီးဖမ်းခဲ့တာ “ဟု Eagles Army-HPDF မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ဒုရဲအုပ်သန်းဝင်းအောင်သည် မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ် ပုလိပ်တပ်ရင်း (၁၄)မှဖြစ်ပြီး လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ပြီးပါကNUG ၊ကာကွယ်ရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်အတိုင်းပြည်သူ့ရင်ခွင်သို့ချိတ်ဆက်ပို့ဆောင်သွားမည်ဟု ၎င်းက ဆက်ပြောသည်။
ဇွန် ၁၀ ရက်ကလည်း ထီးချိုင့်နယ် မန္တလေး-ဗန်းမော်ဗျူဟာလမ်းတစ်နေရာတွင် တပ်မ(၈၈)လက်အောက်ခံ ခလရ (၈၃)မှ စစ်ကောင်စီတပ်သားနှစ်ဦးကို Eagles Army-HPDF တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ပြည်သူ့ရင်ခွင်သို့ပို့ဆောင်ခဲ့သည်။
