မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ဒေသခံပြည်သူများကို ဖမ်းဆီးခြင်း၊ ပစ်ခတ်ခြင်း၊ ဒေသခံပိုင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို မီးရှို့ခြင်းနှင့် နေအိမ်များ မွှေနှောက်ဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
စစ်ကောင်စီတပ်သည် ဇွန်လ ၁၂ရက်က မတ္တရာနယ် တောင်ကောင်းရွာသို့ စစ်ကြောင်းထိုးလာစဉ် ဒေသခံများက တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ဆိုသည်။

“တိမ်းရင်းရှောင်ရင်းနဲ့ ကျွန်တော်တို့ ဒေသခံသုံးယောက် မျက်နှာချင်းဆိုင် သူတို့ကိုတွေ့တော့ ကြောက်လို့ ထွက်ပြေးတာကို အဲဒီကောင်တွေက တရစပ် ပစ်တာပေါ့။ ကျွန်တော်တို့ကတော့ ပစ်ခံရတဲ့သူတွေ။ လူတွေကတော့ ဘာမှ မဖြစ်ဘူး။ ကျွန်တော်ကားရယ် ဆိုင်ကယ် ၃စီးရယ် မီးရှို့ခံရတာ။ ကျွန်တော့်အိမ်ကိုတော့သူတို့လိုချင်တဲ့ဟာရှိတာ ယူသွားတာ။ ကျွန်တော်တို့က သူတို့ လာတိုင်းပြေးတာ မိသားစုလိုက် အိမ်နားက မိသားစုတွေရောပေါ့။ စုပေါင်းပြီး ကားနဲ့ ပြေးတာ။ ကားကို တောထဲထားတာ အရှို့ခံရတာ”ဟု စစ်ရှောင်ဒေသခံတစ်ဦးက ပြောသည်။


တိမ်းရှောင်ပြည်သူအချို့ ဖမ်းဆီးခံခဲ့ရပြီး ပြန်လွှတ်ပေးခဲ့ကြောင်း၊ တောင်ကောင်းရွာခံတစ်ဦးကိုမူ ဖမ်းဆီးသွားကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။
“ထိခိုက်တာတော့မရှိဘူး ဖမ်းခံရပြီး ရိုက်နှက်တာတွေတော့ရှိတယ်။ ၁၀ယောက်လောက်ရှိတယ် အဖမ်းခံရတာ။ ပြန်တော့လွတ်လာပြီ။ တောထဲမှာ ရှောင်ရင်းနဲ့ အဖမ်းခံရတဲ့ဟာကတော့ အကုန်ပြန်လွှတ်ထားခဲ့တယ်။ ရွာထဲအဖမ်းခံရတဲ့ တစ်ယောက်ကိုတော့ခေါ်သွားတာ။ ကျွန်တော်တို့ကတော့ ရွာကပ်လို့ကို မရသေးဘူး အခုလို အခြေအနေမျိုးမှာတော့”ဟု ဒေသခံတစ်ဦးက ပြောသည်။



စစ်ကောင်စီတပ်များသည် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်မှု မကြာခဏ လုပ်ဆောင်ခဲ့သည်ဟုဆိုသည်။ အဆိုပါစစ်ကြောင်းများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့မှုများလည်း ရှိခဲ့သည်။
