စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် တောကျောင်းလေးကျေးရွာအားမီးရှို့ဖျက်ဆီးပြီး ပြည်သူလေးဦးအားသတ်ဖြတ်သွားသည့်စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ဒေသတွင်းPDFများကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံးကြောင်း Chaung U Local Defence Force (CHU LDF) အဖွဲ့က သတင်းထုတ်ပြန်သည်။
ဇွန်လ ၁၄ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ တောကျောင်းလေးကျေးရွာမှ ပြည်သူများ၏ အိုးအိမ်များကို မီးရှို့ဖျတ်ဆီးပြီး ပစ္စည်းများကို ခိုးယူလုယက်၊ ပြည်သူများကို သတ်ဖြတ်ခဲ့သော အကြမ်းဖက်စစ်တပ်နှင့် ပျူများကို မဟာမိတ်အဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း CHU LDF (သတင်းနှင့် ပြန်ကြားရေး)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါအကြမ်းဖက်အုပ်စုကိုတောကျောင်းလေးကျေးရွာနှင့် ကင်မွန်းတော်ကျေးရွာကြား လမ်းခုလတ်တစ်နေရာတွင် တိုက်ခိုက်ခဲ့ရာစစ်တပ်နှင့် ပျူစောထီး ၃ ဦး နေရာမှာပင် ပွဲချင်း သေဆုံးသွားခဲ့ပြီး ၂ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
CHU LDF နှင့်အတူမဟာမိတ် ညီနောင်များဖြစ်ကြသည့် Chaung U Revolution Army (CRA), Banna UG Group၊ Monywa Lightning PDF နှင့် ဗန္ဒုလနှင့် အဖွဲ့သားများ LPDF တို့က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မဟာမိတ် ရဲဘော်များအားလုံး အထိအခိုက်မရှိဘဲပြောက်ကျားစစ်ဆင်ရေးကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့သည်ဟုဆိုသည်။
အကြမ်းဖက်စစ်တပ်က တောကျောင်းလေးကျေးရွာအား ဝင်ရောက်ဖျက်ဆီးမီးရှို့မှုကြောင့် အိမ်ခြေတစ်ရာခန့် မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူလေးဦးအား သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။
ဇွန်လ ၁၄ ရက် နံနက် ၁၁နာရီခွဲ ခန့်ကလည်းCHU LDFနှင့် မဟာမိတ်အဖွဲ့များသည် အကြမ်းဖက်စစ်တပ်၏ ကွန်တိန်နာကားများကို မုံရွာ-မန္တလေးလမ်းမပေါ်၊ ငါးယှန်ရွာနှင့် ချောင်းဦးကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။
