▪️ပျူစောထီး ၃၀၀ကျော်ကို လက်နက်တပ်ဆင်ပေးပြီး လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်နေဟုဆို
အာဏာသိမ်းစစ်ကောင်စီက ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းအတွင်း အင်အား ၁၀၀ကျော် ပါစစ်ယာဉ်တန်းဖြတ်သန်းလျက်ရှိရာ အဆိုပါယာဉ်တန်း တိုက်ခိုက်မခံရရေးအတွက် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်း၊ ပျူစောထီးများကို လက်နက်တပ်ဆင်ပေးပြီး လမ်းလုံခြုံရေး ဆောင်ရွက်စေခြင်းတို့ ပြုလုပ်လျက်ရှိဟု ယင်းမာပင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(PDA) တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
လက်ရှိတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ပျူစောထီး ၃၂၀ခန့်ကို လက်နက်တပ်ဆင်ပေးပြီး ယင်းမာပင်ခရိုင်အတွင်း ပို့ဆောင်ကာ စစ်ယာဉ်တန်း လုံခြုံရေး ဆောင်ရွက်စေကြောင်း သိရသည်ဟု ၎င်းက ဆိုသည်။
“အနောက်ကနေ ဆင်းလာခဲ့တဲ့ ကားယာဉ်တန်း ၁၀၀ ကျော်ကို လမ်းကြောင်း လုံခြုံရေးအတွက် ယူတဲ့ပုံစံ အနေနဲ့ ကံကုန်း ဒုန်းတောမှာ အထိုင်ချပြီးနေတယ်” ဟု ယင်းမာပင် LPDF တပ်ဖွဲ့မှ ရဲဘော်က ပြော သည်။

လက်ရှိတွင် ကလေးဘက်မှ လာသည့် စစ်ယာဉ်တန်းသည် ယင်းမာပင်မြို့သို့ ရောက်ရှိနေပြီး စစ်ကောင် စီ၏ အနောက်မြောက်တိုင်း စစ်ဌာနချုပ်သို့ ဆက် လက်ထွက်ခွာမည်ဟု သိရကြောင်း ၎င်းက ဆိုသည်။
“သူတို့ ယာဉ်တန်းမောင်းနှင်နေတဲ့အချိန်မှာ လက်နက် ကြီးတွေနဲ့ တစ်မိုင်ခွဲ ၂မိုင်လောက်ရောက်တဲ့ လက်နက် ကြီးတွေနဲ့ဘေးဝဲယာကို ရမ်းသန်းပစ်ပြီးသူတို့ယင်းမာပင်မြို့ကို ဝင်လာခဲ့တာ။ အဲဒီ ယာဉ်တန်းက နမခအထိ ဆက်တက်လောက်တယ်။ မနက်ဖြန် ထိတွေ့မှုရှိနိုင်တယ်”ဟု ယင်းမာပင် LDPF ရဲဘော်က ပြောသည်။
စစ်ကောင်စီယာဉ်တန်း၌ ယာဉ်အစီးရေ ၁၀၀ကျော်ပါဝင်ရာ ယာဉ်တန်းလုံခြုံရေး၊ မိုင်းရှာဖွေရေး ဆောင်ရွက်သည့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်သွားလာနေသည်ဟု ဆိုသည်။
“ဒီယာဉ်တန်းကို တစ်မိုင်အတွင်း နှစ်မိုင်အတွင်းလုံး၀ကပ်မရအောင် ယာဉ်တန်းလုံခြုံရေး၊ မိုင်းရှာ ဖွေရေးပါတဲ့အပြင် လက်နက်ကြီးတွေနဲ့ တစ်မိုင်ခွဲ နှစ်မိုင် ပစ်ပြီးတော့ သွားလာတယ် ဒီယာဉ်တန်းကို လုံး၀ ကပ်မရအောင်လုပ်တယ်ဆိုတော့ ၊ ယာဉ်တန်းထဲမှာ ၁၂ဘီးကား ၃စီးပါတာသည် ကျောက်စိမ်းလား ဒါမှမဟုတ် အနောက်တောင်ရိုးပေါ်မှာရှိတယ်ဆိုတဲ့ ဟိုတုန်းက အတည်ပြုမရခဲ့တဲ့ လက်နက်ထုတ်စခန်းကနေ သူတို့လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ သယ်လာသလားဆိုတာ တောင်အခုက ဒေသခံတွေ ပြောနေကြတယ်”ဟု ယင်းမာပင် LPDF ရဲဘော်က ပြောသည်။
ဒေသခံ PDF များအနေဖြင့် စစ်ကောင်စီနှင့် လက်နက်အင်အားမမျှသော်လည်း နည်းမျိုးစုံဖြင့် တိုက်ခိုက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
“ဒေသခံ PDFတွေနဲ့ အခုလိုမျိုး စကစတွေနဲ့ တိုက်ခိုက်နေရတာက ကြိုးဝိုင်းထဲမှာ PDFတွေ ဒေသခံ ပြည်သူတွေက လက်ဝှေ့အိတ် တပ်ဆင်ပြီး သံတုတ်ကိုင်ထားတဲ့သူကို ကြိုးဝိုင်းထဲမှာ ယှဉ်ပြိုင်ထိုးနေရတဲ့အတိုင်းပါပဲခင်ဗျ”ဟု ယင်းမာပင် LPDF ရဲဘော်က ၎င်းတို့၏ လက်နက်ခဲယမ်း လိုအပ်ချက် အခြေနေကို ပြောပြသည်။
ပုလဲမြို့နယ်မှ ထွက်ခွာလာသည့် စစ်ကောင်စီ၏ ယာဉ်တန်းကို ယင်းမာပင်ခရိုင် PDF အဖွဲ့များက ယမန်နေ့ ဇွန်လ ၁၅ရက်နှင့် ယနေ့ (ဇွန်လ ၁၆ရက်) များတွင် တိုက်ခိုက်မှုများ ပြုဆောင်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိသကဲ့သို့PDF ရဲဘော်အချို့လည်း ကျဆုံးခဲ့သည်။
