ရဲနှစ်ဦး ဒဏ်ရာပြင်းထန်ကြောင်း ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစုအဖွဲ့ အသိပေး
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရန်ကုန်-မန္တလေးလမ်းဟောင်း မြို့အဝင်စစ်ဆေးရေးဂိတ် မိုင်းခွဲတိုက်ခိုက်ခံရပြီး ရဲနှစ်ဦး အသက်အန္တရာယ် ထိခိုက်မှုရှိနိုင်ကြောင်း ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစုအဖွဲ့(WTRF)က သတင်းထုတ်ပြန်သည်။
ယနေ့(မေလ ၇ ရက်) နေ့လယ် ၁၂နာရီခွဲခန့်က ဝမ်းတွင်းမြို့တောင်ဘက် စစ်ဆေးရေးဂိတ် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲနှစ်ဦး သေဆုံးနိုင်သည်အထိ ထိခိုက်ဒဏ်ရာရရှိကာ အခြားရဲများလည်းထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစုအဖွဲ့(WTRF)က ပြောသည်။
“စစ်ဆေးရေးဂိတ်က အဲဒီနေရာမှာ အမြဲမရှိဘူး။ တခါတလေမှကားတွေဆိုင်ကယ်တွေတားပြီး ငွေတောင်းပေါ့ဗျာ။ အဝေးထိန်းနဲ့ဆော်ခဲ့တာပါ။”ဟု WTRF တာဝန်ရှိသူက ပြောသည်။
ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစုအဖွဲ့(WTRF)သည် ယမန်နေ့(မေလ ၆ ရက်) နံနက်ပိုင်းကလည်း မြို့နယ်လျှပ်စစ်ရုံးအတွင်း မိုင်းခွဲတိုက်ခိုက်ခဲ့သေးသည်။
