မြောင်မြို့နယ်သို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်မှ တပ်သားသုံးဦးသည် ယနေ့(ဇွန် ၁၁)နေ့လယ်ပိုင်းက ဧရာဝတီမြစ်အတွင်းရေ ဆင်းကူးစဥ် ရေနစ်သေဆုံးခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့(CDSOM)က ထုတ်ပြန်သည်။
ယနေ့နေ့လယ် ၁ နာရီခန့်က မြောင်နယ် ပန်းညိုရွာသို့ရောက်နေသော စစ်သားများသည် ဧရာဝတီမြစ်အတွင်း ရေဆင်းကူးရာ တစ်ယောက်မှာ ရေနစ်သွားသဖြင့် နှစ်ယောက်က ဆင်းပြီးဆယ်ရာသုံးယောက်လုံး ရေနက်သေဆုံးသွားခြင်းဖြစ်ကြောင်း ဖော်ပြသည်။
“ဒီကောင်တွေက မနေ့(ဇွန် ၁၀)ညနေထဲက ပန်းညိုရွာကို ရောက်နေတာဗျ။ အဲဒါကို ဒီနေ့နေ့ လယ်ပိုင်ရောက်တော့ ဧရာဝတီမြစ်ထဲ ရေဆင်းကူးရင်း သုံးယောက်လုံးရေနစ်သေသွားတာ”ဟု CDSOM မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုနွေဦးက ပြောသည်။
ထိုကိစ္စကြောင့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ပန်းညိုရွာ၌ပင် ညအိပ်တပ်စွဲထားနိုင်ခြေရှိကြောင်း ၎င်းက ဆက်ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်မှ ယခုရက်ပိုင်းအတွင်း မြောင်မြို့နယ်သို့ စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ဝင်ရောက်သောင်းကျန်းလျက်ရှိရာ မြောင်တောင်ပိုင်းသို့ဝင်နေသည့်စစ်ကြောင်းမှာ ပခုက္ကူဘက်ကူးသွားကြောင်း သိရသည်။
