ဥရောပမှာ ကျောက်ရောဂါတစ်မျိုး ပျံ့နှံ့ ကူးစက်နေမှုတွေဟာ တစ်ကမ္ဘာလုံး အတိုင်းအတာထိ ကျယ်ပြန့်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ခန့်မှန်းလိုက်ပါတယ်။
Monkeypoxလို့ ခေါ်ဝေါ်တဲ့ ကျောက်ရောဂါဟာ အခုဆိုရင် WHO အဖွဲ့ဝင် နိုင်ငံ ၁၂ ခုက လူပေါင်း ၉၂ ဦးမှာ ဖြစ်ပွားခဲ့ကြောင်း အတည်ပြု တွေ့ရှိထားပြီး သံသယ လူနာ ၂၈ ဦးလည်း ရှိနေကြောင်း ကုလသမဂ္ဂ လက်အောက်ခံ ကျန်းမာရေး အေဂျင်စီကြီးက ထုတ်ပြန်ပါတယ်။
ထူးခြားချက် တစ်ခုက သာမန်ဆိုရင် ကျောက်ရောဂါတွေ ဖြစ်လေ့ သိပ်မရှိတဲ့ နိုင်ငံတွေမှာပါ Monkeypox လူနာတွေ တွေ့လာရတာလို့ WHOရဲ့ ပညာရှင်တွေက ဆိုပါတယ်။ WHOက Monkeypoxဟာ ကူးစက်တတ်ပေမယ့် ကပ်ရောဂါကြီး အဆင့် ရောက်ရှိလာနိုင်တဲ့ထိ စိုးရိမ်စရာ မရှိဘူးလို့ မှတ်ချက် ပေးထားပါတယ်။ လာမယ့် ရက်ပိုင်းအတွင်း ဒီရောဂါ ကူးစက်မှုတွေ လျော့ကျအောင် ဘယ်လို ကိုင်တွယ် တုံ့ပြန်သင့်သလဲ ဆိုတာကို WHOက လမ်းညွှန်ချက်တွေ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။
ရောဂါ ဖြစ်နေတာ သေချာကြောင်း လက္ခဏာတွေ ထင်ထင်ရှားရှား ပြသနေတဲ့ လူနာနဲ့ အနီးကပ် ထိတွေ့ ဆက်ဆံမိတဲ့ သူတွေမှာ ရောဂါ ဆက်ကူးလေ့ ရှိတယ်လို့လည်း ကနဦး တွေ့ရှိချက်တွေက ညွှန်ပြနေပါတယ်။ နောက်ပြီး ယောက်ျားချင်း လိင်တူ ဆက်ဆံမှုတွေကနေလည်း ကူးစက်နိုင်ကြောင်း သတိပေးထားပါတယ်။ လောလောဆယ် တွေ့ရှိထားတဲ့ Monkeypox လူနာ အများစုဟာ လိင်ပိုင်းဆိုင်ရာ ရောဂါတွေနဲ့ ဆက်စပ်တဲ့ အထူးကု ဆေးခန်းတွေကို ရောက်ရှိလာကြသူတွေ ဖြစ်ပါတယ်။
Monkeypoxဟာ များသောအားဖြင့် သိပ်မပြင်းထန်တတ်တဲ့ ကူးစက်ရောဂါ တစ်ခုဖြစ်ပြီး အနီးကပ် ထိတွေ့မှုတွေကနေ အဓိက ပျံ့နှံ့လေ့ ရှိပါတယ်။ အာဖရိက အလယ်ပိုင်းနဲ့ အနောက်ပိုင်း ဒေသတွေမှာ အဓိက အတွေ့ရ များလေ့ရှိတဲ့ ရောဂါဟာ သီးသန့်ခွဲခြား နေထိုင်တာ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်တာမျိုး နည်းလမ်းတွေနဲ့တင် ကူးစက်မှုကို ကန့်သတ် ထိန်းချုပ်နိုင်ပါတယ်။
အခု ရောဂါ ဖြစ်ပွားနေတဲ့ နိုင်ငံတွေထဲမှာ ၁၁ ခုဟာ Monkeypoxနဲ့ ရင်းနှီးကျွမ်းဝင်မှု မှတ်တမ်း မရှိဖူးဘူးလို့ WHOက ဆိုပါတယ်။ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ စပိန်နဲ့ ပေါ်တူဂီတို့လို ဥရောပ နိုင်ငံတွေဟာ ဒီကျောက်ရောဂါ ပျံ့နှံ့ ကူးစက်တာမျိုး မကြုံဖူးသေးတဲ့ နေရာတွေပါ။
Monkeypoxမှာ မျိုးကွဲနှစ်ခုရှိပြီး တစ်မျိုးက ရောဂါပိုပြင်းထန်သလို သေဆုံးနိုင်ခြေ ၁၀ ရာခိုင်နှုန်းလောက်ထိ များပါတယ်။ လောလောဆယ် ဗြိတိန်နဲ့ ဥရောပ နိုင်ငံတချို့မှာ တွေ့ရှိထားတဲ့ မျိုးကွဲကတော့ ပျမ်းမျှ သေဆုံးနိုင်ခြေ ၁ ရာခိုင်နှုန်းလောက်သာ ရှိပြီး ပိုပျော့ပျောင်းတဲ့ အမျိုးအစားလို့ ဆိုပါတယ်။
၁၉၅၀ ပြည့်လွန် နှောင်းပိုင်းနှစ်တွေက မျောက်တွေမှာ စတင်တွေ့ရှိလို့ ဒီကျောက်ရောဂါကို Monkeypox (မျောက်ကျောက်)လို့ နာမည်ပေးခဲ့တာ ဖြစ်ပါတယ်။ လူသားတွေဆီ ရောဂါပိုး အဓိက သယ်ဆောင်တဲ့ တိရစ္ဆာန် မျိုးစိတ်ကတော့ ကြွက်တွေလို့ သိရပါတယ်။
Monkeypox ရောဂါရဲ့ လက္ခဏာတွေက အပြင်းအထန် ခေါင်းထိုးကိုက်တာ၊ အရိုးအဆစ် နာကျင်တာ၊ အဖျားတက်တာ၊ ကိုယ်တွင်း အကြိတ်တွေ ရောင်ရမ်းတာ၊ ခန္ဓာကိုယ်အနှံ့ ကြွက်သားတွေ နာကျင်တာ၊ အရေပြားပေါ်မှာ ကျောက်ရောဂါ လက္ခဏာ အဖုအပိန့်တွေ ထွက်ပေါ်တာမျိုး ဖြစ်ပြီး တချို့ လူနာတွေဟာ သီတင်းပတ်တွေ ကြာမြင့်တဲ့ထိ ဖျားတတ်ကြပါတယ်။
Monkeypoxဟာ ကိုဗစ် ကပ်ရောဂါ အစပိုင်း နေ့ရက်တွေလို လူတွေကြားမှာ အလုံးအရင်း ပျံ့နှံ့ ကူးစက်သွားမှာတော့ မဟုတ်ဘူးလို့ ပညာရှင်တွေက ပြောပါတယ်။ ဒီရောဂါဟာ ကိုဗစ်လိုမျိုး လေထဲကနေ အလွယ်တကူ မကူးစက်နိုင်ပါဘူး။ ဒါပေမဲ့ Monkeypox ရောဂါ လက္ခဏာ ပြသသူတွေနဲ့ အနီးကပ် ထိတွေ့တာမျိုးကို ရှောင်ကြဉ်ဖို့တော့ အရေးကြီးတယ်လို့ WHOက အကြံပြု ပြောကြားထားပါတယ်။
