စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေနွေးဖို့ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA PC) အဖွဲ့ဟာ ဒီကနေ့ မေ ၂၅ ရက်မှာ နေပြည်တော်ကိုရောက်ရှိလာခဲ့ကြတယ်လို့ စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ကရင်ငြိမ်းချမ်းရေးကောင်စီက ဥက္ကဌစောထော့လေး၊ ဒေါက်တာနော်ကပေါ်ထူးဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မွန်းလွဲပိုင်းအချိန်က နေပြည်တော်ကိုရောက်ရှိလာတာဖြစ်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်တွေက ကြိုဆိုခဲ့ကြတာပါ။

မနက်ဖြန်မှာတော့ ကရင်ငြိမ်းချမ်းရေးကောင်စီကိုယ်စားလှယ်အဖွဲ့နဲ့
အာဏာသိမ်းစစ်ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။
ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA PC) အဖွဲ့ဟာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကနေ ခွဲထွက်လာတဲ့အဖွဲ့တစ်ခုဖြစ်ပြီး ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးဒေသမှာ အခြေစိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားတဲ့ ကရင့်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့လည်း ဖြစ်တာပါ။
စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နဲ့ မွန်ပြည်သစ်ပါတီ(NMSP) တို့နဲ့ တွေ့ဆုံဆွေးနွေးပြီးပြီ ဖြစ်ပါတယ်။
