●နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ တစ်သန်းနီးပါရှိလာဟု OCHA ဖော်ပြ
ချင်းပြည်နယ်၊ စစ်ကိုင်းနှင့် မကွေးတိုင်းများတွင် ပြည်တွင်းနေရပ်စွန့်ခွာရသူဦးရေ ဆက်လက်မြင့်တက် နေပြီး အရပ်သားပိုင်အိုးအိမ်ပစ္စည်းများ ဖျက်ဆီးခံနေရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း ရေးရုံး (OCHA)က ထုတ်ပြန်သည်။
OCHA က ဧပြီ ၂၅ ရက်အထိရရှိသော အချက်အလက်များအရ ချင်းပြည်နယ်၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့၌ ပြည်တွင်းနေရပ်စွန့်ခွာရသူဦးရေ ၃၂၇,၄၀၀ ဦးရှိနေပြီဖြစ်သည်။
“အဲ့ဒီဒေသတွေက လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေဟာ တိုးတက်ကောင်းမွန်လာခြင်းမရှိဘဲ ဆိုးဝါးနေဆဲဖြစ်ပါတယ်”ဟု OHCA က ဆိုသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်းမြို့နယ်အတွင်း ဒေသခံ ၉,၃၄၁ ဦး နေရပ်စွန့်ခွာထွက်ပြေးရပြီး တစ်တိုင်းလုံးတွင် မိမိနေအိမ်၊ နေရပ်စွန့်ခွာသူစုစုပေါင်း ၂၄၀,၆၀၀ ရှိလာပြီဟု အထက်ပါ ကုလသမဂ္ဂအဖွဲ့အစည်းက ဒေသခံအရင်းအမြစ်များ၏အတည်ပြုချက် ရယူဖော်ပြသည်။
တချိန်တည်းတွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေသည် ချင်းပြည်နယ်၌ ၃၆,၃၀၀ ဦး ၊ မကွေးတိုင်း၌ ၅၀,၅၀၀ ဦး ရှိနေသည်ဟု OCHA က ဖော်ပြသည်။
“အနောက်မြောက်ဒေသမှာ အရပ်သားပိုင် အိုးအိမ်ပစ္စည်းတွေဖျက်ဆီးခံရတဲ့ သတင်းတွေဆက်လက်ရှိနေပါတယ်” ဟု OCHA က ဆိုသည်။
တရားမဝင်စစ်အာဏာသိမ်းပြီးချိန်မှ လက်ရှိကာလအထိ ဘာသာရေးအဆောက်အဦးများ၊အရပ်သားပိုင်ပစ္စည်းများအပါအဝင် အနည်းဆုံး အိမ်ခြေ ၈၈၉၀ လုံး ဖျက်ဆီးခံရခြင်း သို့မဟုတ် မီးရှို့ခံရခြင်းများ ရှိခဲ့ကြောင်း ကုလသမဂ္ဂက သတင်းရရှိထားသည်။
ထို့အပြင် ပဋိပက္ခဒဏ်သင့်ရာဒေသများနှင့် နေရပ်စွန့်ခွာထွက်ပြေးရသူများရှိရာ နေရာများကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ သွားရောက်ပေးနိုင်ခွင့်ကိုလည်း တင်းကျပ်စွာတားမြစ်ကန့်သတ်ခံထားရ၍ ပဋိပက္ခဒဏ်သင့်အရပ်သားလူထု၏ လိုအပ်မှုကိုဖြည့်ဆီးနိုင်ရန် ကြီးမားသည့် လိုအပ်ချက်များရှိနေသည်ဟု OCHA က ဖော်ပြသည်။
ဧပြီလ ၂၅ ရက်အထိ အတည်ပြုထားသော ကိန်းဂဏန်းများအရ နိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာရသူ ဦးရေ စုစုပေါင်း ၉၂၄,၈၀၀ ရှိပြီး ၅၇၈,၂၀၀ သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပွားသည့် လက်နက်ကိုင်တိုက်ပွဲများနှင့် လုံခြုံရေးအန္တရာယ်ကြောင့် ထွက်ပြေးတိမ်းရှောင် နေရခြင်းဖြစ်သည်ဟု OCHA က ဆိုသည်။
အထူးသဖြင့် စစ်ကိုင်းတိုင်းတွင် ဧပြီလကုန်ပိုင်းနှင့် မေလတွင် အကြမ်းဖက်စစ်တပ်က ကျေးရွာများကို စီးနင်းဝင်ရောက်၍ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုများဆက်တိုက်ပြုလုပ်နေသည်။ ထိုကြောင့် ပြည်သူများသောင်းနှင့်ချီ၍ ထပ်မံထွက်ပြေးနေရသလို ၊ ဖုန်းနှင့် အင်တာနက်လိုင်းအခက်အခဲ ၊ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ များ၏ အချက်အလက်များရရန်ခက်ခဲသဖြင့် မြေပြင်တွင် စသ်ဘေးဒုက္ခသည်မှာထို့ထက်ပိုများပါသည်။
