မတ်-၁၅၊ ၂၀၂၆။သော်မွန်/People’s Spring
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ စောင့်ကြည့်အစီရင်ခံစာတင်သွင်းရတဲ့ မစ္စတာတွမ်အန်ဒရူးစ်ဟာ သူ့ရဲ့အထူးအစီရင်ခံစာတင်သွင်းသူ(Special Rapporteur) ၆နှစ်သက်တမ်း ကုန်ဆုံးတော့မယ်လို့ သိရပါတယ်။
လက်ရှိကျင်းပနေဆဲ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၆၁ ကြိမ်မြောက်အစည်းအဝေးမှာ အမေရိကန်နိုင်ငံသား မစ္စတာ တွမ်အန်ဒရူးစ်က မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအခြေအနေတွေကို နောက်ဆုံးတင်သွင်းတာဖြစ်ပြီး စစ်အာဏာရှင်တွေ လက်အောက်က မြန်မာပြည်သူတွေကို ထိရောက်စွာပံ့ပိုးကူညီဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို မတ်လ ၁၃ ရက်မှာ တောင်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာတွမ်အန်ဒရူးစ်ဟာ ၆ နှစ်တာ သက်တမ်းပြည့်မြောက်ခဲ့ပြီးဖြစ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကနောက်ထပ်Speical Rapporteur တစ်ဦး ထပ်မံခန့်အပ်လိမ့်မယ်လို့ Progressive Voice တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

Public Service Announcement
“ကမ္ဘာကြီးမှာ ပြဿနာတွေ အများကြီးဖြစ်နေတဲ့ကာလမှာ ကျွန်မတို့ တိုင်းပြည်က ပြည်သူလူထုတွေ ခံစားနေရတဲ့ ဒုက္ခတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ကမ္ဘာမှာ မျက်ခြည်မပြတ်သွားအောင် အမြဲတမ်းမီးမောင်းထိုးပြတဲ့ ကိစ္စကို သူဟာ ၆ နှစ်အတွင်းမှာ တကယ့်ကိုပဲ အဆင့်အမြင့်ဆုံး၊ အကောင်းဆုံး၊ အထိရောက်ဆုံးလုပ်သွားနိုင်တယ်လို့ ပြောလို့ရပါတယ်”လို့ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။
အမေရိကန်ကွန်ဂရက်အမတ်ဟောင်းတစ်ဦးဖြစ်တဲ့ မစ္စတာတွမ်အန်ဒရူးဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကစလို့ လက်ရှိအချိန်အထိ ၅ နှစ်ကျော်ကာလမှာ စစ်တပ်က မြန်မာပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေကို စနစ်တကျ စောင့်ကြည့်မှတ်တမ်းတင်ခဲ့သလို အစီရင်ခံစာတွေ နှစ်စဥ်ရေးသားခြင်း၊ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်
စီနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံတို့ကို တင်ပြရှင်းလင်းခြင်းတို့ကို စဥ်ဆက်မပြတ် လုပ်ဆောင်ခဲ့တယ်လို့ မြန်မာ့လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဒါ့အပြင်မစ္စတာအန်ဒရူးစ်ဟာ သုတေသနစာတမ်းကြီး၊ စာတမ်းငယ်တွေကို ပြုစုရေးသားခဲ့ပြီး မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေနဲ့ပတ်သက်လို့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး၊ တရားမျှတမှုရရှိရေးတို့အတွက်လည်း ဖော်ထုတ်တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
မစ္စတာအန်ဒရူးစ်ရဲ့ များပြားလှတဲ့ လုပ်ဆောင်ချက်တွေထဲက အရေးကြီးတဲ့အကြောင်းအရာတစ်ခုမှာ အာဏာသိမ်းစစ်တပ်က စင်ကာပူ၊ ထိုင်းတို့လို နိုင်ငံတွေက ငွေကြေးစီးဆင်းမှုစနစ်တွေအသုံးပြုပြီး နိုင်ငံတကာကနေစစ်လက်နက်ပစ္စည်းရောင်းဝယ်ဖောက်ကားမှု၊မှောင်ခိုပြုလုပ်နေမှုတွေကို အစီရင်ခံစာရေးသားဖော်ထုတ်ခဲ့တယ်လို့ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။
ဒါ့အပြင် နှစ်ပေါင်းများစွာ မြန်မာစစ်တပ် စနစ်တကျ၊ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်နေတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မသန်စွမ်းတွေအပေါ် ခွဲခြားဖိနှိပ်မှုတွေ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို လက်နက်သဖွယ် အသုံးချနေမှုတွေကိုလည်း မစ္စတာ တွမ်အန်ဒရူးစ်က အစဥ်တစိုက် ပြောဆိုခဲ့တယ်လို့ သူမက ဆက်ပြောပါတယ်။ “မြန်မာစစ်တပ်က ကုလသမဂ္ဂမှာဆိုရင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှုနဲ့ ပတ်သက်ရင် အမည်းစာရင်း ဝင်ထားတဲ့ တပ်တစ်တပ်ဖြစ်တယ်”လို့ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဟာ ၁၉၉၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူတွေကို ခန့်အပ်ခဲ့ပြီး မစ္စတာတွမ်အန်ဒရူးစ်က ၆ ဦးမြောက်ဖြစ်တယ်လို့ သိရပါတယ်။ အထူးအစီရင်ခံစာတင်သွင်းသူတွေဟာ ကုလသမဂ္ဂမှာ လခစားဝန်ထမ်းတွေ မဟုတ်ဘဲ လူ့အခွင့်အရေးနဲ့ပတ်
သက်ပြီး နားလည်တတ်ကျွမ်းမှုအရ စေတနာ့ဝန်ထမ်းအဖြစ် သီးခြားလွတ်လပ်တဲ့ ပညာရှင်တွေ ဖြစ်ပါတယ်။















































