close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဖဂန်ရဲ့ ဘိန်းစိုက်ဧရိယာ ကျဆင်းသွားကြောင်း ကုလသမဂ္ဂပြော

အာဖဂန် နစ္စတန် နိုင်ငံရဲ့ ဘိန်းစိုက်ဧရိယာဟာ အခုနှစ်ထဲမှာ သိသိသာသာ ပြန်လည် ကျဆင်းသွားခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အာဖဂန် နစ္စတန် နိုင်ငံရဲ့ ဘိန်းစိုက်ဧရိယာဟာ အခုနှစ်ထဲမှာ သိသိသာသာ ပြန်လည် ကျဆင်းသွားခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဌာန (UNODC)က ၂၀၂၄ နဲ့ယှဉ်ရင် အာဖဂန်ရဲ့ ဘိန်းစိုက်ခင်းတွေဟာ အခုနှစ်မှာ ၂၀ ရာခိုင်နှုန်း လျော့ကျသွားတယ်လို့ သိရပါတယ်။ ဘိန်းဟာ ဟီးရိုးအင်း ဘိန်းဖြူတွေ ထုတ်လုပ်ရာမှာ အခြေခံ အကျဆုံး လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်း ဖြစ်ပါတယ်။

အာဖဂန်ဟာ တစ်ချိန်တုန်းက ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံး နိုင်ငံ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်မှာ တာလီဘန်တွေက နိုင်ငံကို ပြန်လည် ကြီးစိုး အုပ်ချုပ်ခဲ့ပြီးတဲ့နောက် ဘိန်းစိုက်ပျိုးမှုကို ထိထိရောက်ရောက် လျှော့ချမယ်လို့ ကြွေးကြော်ခဲ့ပါတယ်။

တကယ်လည်း အဲဒီနောက်ပိုင်း နှစ်တွေမှာ အာဖဂန်ရဲ့ ဘိန်းထုတ်လုပ်မှုရော၊ ဘိန်းခင်းတွေပါ တောက်လျှောက် လျော့ကျလာခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၄ ခုနှစ်မှာ ဘိန်းစိုက် ဧရိယာ ၁၉ ရာခိုင်နှုန်း ပြန်မြင့်တက်ခဲ့ပြီး ဒီနှစ်မှာတော့ ၂၀ ရာခိုင်နှုန်း ပြန်ကျသွားတာလို့ UNDOက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အာဖဂန်ရဲ့ ဘိန်းထုတ်လုပ်မှုကတော့ ရာခိုင်နှုန်းအနေနဲ့ ပိုပြီးတောင် လျော့ကျသွားမယ့် အခြေအနေ ရှိနိုင်ပြီး ၃၂ ရာခိုင်နှုန်းလောက် ကျဆင်းလိမ့်မယ်လို့ UNDOက ခန့်မှန်းထားပါတယ်။ တစ်နည်းအားဖြင့် အာဖဂန်ရဲ့ တစ်နှစ်လုံးစာ ဘိန်းထုတ်လုပ်မှုဟာ ၂၀၂၅ မှာ ၂၉၆ တန်လောက်သာ ရှိနိုင်တယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ်အတွက် အာဖဂန်ရဲ့ ဘိန်းစိုက် ဧရိယာဟာ ဟက်တာ ၁၀၂၀၀ လောက် ရှိကြောင်း၊ ဒါဟာ ၂၀၂၄ ခုနှစ်ရဲ့ ဟက်တာ ၁၂၈၀၀ နဲ့ ယှဉ်ရင် ၂၀ ရာခိုင်နှုန်း လျော့ကျသွားတာ ဖြစ်သလို ၂၀၂၂ မှာ တာလီဘန်တွေက ဘိန်းစိုက်ပျိုးမှုတွေကို တားဆီးကြောင်း မကြေညာခင်နဲ့ ယှဉ်လိုက်ရင် အစွန်းထွက်လောက်သာ ကျန်တော့ကြောင်း UNODCက ဆိုပါတယ်။ အဲဒီတုန်းက အာဖဂန်မှာ ဘိန်းစိုက်ဧရိယာ ဟက်တာ ၂၃၂၀၀၀ လောက်ထိ များပြားခဲ့ပါတယ်။

နောက်ပြီး ထုတ်လုပ်မှုနှုန်း လျော့သွားလို့ ကုန်ကြမ်းရှားလာတဲ့တိုင် ဘိန်းစျေးတွေကလည်း ဒီနှစ်မှာ ၂၇ ရာခိုင်နှုန်း ထပ်ကျဆင်းပြီး တစ်ကီလိုဂရမ်ကို ဒေါ်လာ ၅၇၀ လောက်သာ ရှိတော့တယ်လို့ သိရပါတယ်။

အာဖဂန်မှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုတွေကို တာလီဘန်တွေက တားမြစ်လိုက်ပေမယ့် တစ်ဖက်မှာတော့ မက်သာဖက်တမင်းလို မူးယစ်ဆေးဝါးတွေ ထုတ်လုပ်မှုကတော့ ဆက်တိုက် တက်ရိပ်ပြနေကြောင်း UNODCက သတိပေးခဲ့ပါတယ်။

တစ်နည်းအားဖြင့် စိုက်ပျိုးထုတ်ကုန်ကို အခြေပြုတဲ့ မူးယစ်ဆေးတွေ ထုတ်လုပ်မှု ကျဆင်းလာပေမယ့် ဓာတ်ခွဲခန်းက ထုတ်လုပ်တဲ့ မူးယစ်ဆေးတွေက လုပ်ငန်းသစ် တစ်ခုအဖြစ် ချဲ့ထွင် နေရာယူလာတာ ဖြစ်ကြောင်း၊ အဲဒီ မူးယစ်ဆေး အသစ်တွေဟာ ထောက်လှမ်းရှာဖွေရတာ ပိုခက်ခဲသလို ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဒဏ်ကြောင့် ထိခိုက်နိုင်ခြေလည်း ပိုနည်းကြောင်း UNODCက ထောက်ပြထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာဖဂန်နစ္စတန် မြောက်ပိုင်းမှာ လှုပ်ခတ်သွားခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးကြောင့် အများအပြား သေဆုံးမှာကို စိုးရိမ်ရတဲ့ အခြေအနေ ရှိနေကြောင်း အာဏာပိုင်တွေနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

သတင်း

ပြည်တွင်းက မြန်မာ ဒုက္ခသည်တွေဟာ ပြင်းထန်တဲ့ ဖိအားတွေအောက် ရောက်ရှိနေကြောင်း ကုလသမဂ္ဂ အစီရင်ခံစာ တစ်စောင်နဲ့ ပတ်သက်ပြီး အိန္ဒိယက ကန့်ကွက် ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်တလျှောက် တိုက်ပွဲငယ်တွေ ဖြစ်ပွားခဲ့တဲ့နောက် လက်ရှိ တင်းမာမှုတွေကို သံတမန်ရေးအရ ဖြေရှင်းဖို့ ပါကစ္စတန်က အာဖဂန်နစ္စတန်ကို တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်တလျှောက်မှာ ပါကစ္စတန်နဲ့ အာဖဂန် နစ္စတန်တို့ကြား ရင်ဆိုင် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။