မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာ လနဲ့ချီကြာမြင့်လာပြီး မတ်လ ၁၁ရက် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၁၀နှစ်အရွယ်ကလေးအပါအဝင် ပြည်သူ ၅ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၁၁ရက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံး ၁၀ဦးထက်မနည်း ရှိခဲ့ပြီး ညပိုင်းမှာတော့ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
မတ္တရာမြို့နယ် ဝသုန္ဒရကျေးရွာအတွင်းက နေအိမ်ပေါ် ဗုံးကျပြီး အသက်၁၀နှစ်အရွယ် မိန်းကလေးအပါအဝင် ပြည်သူ ၅ဦး သေဆုံးပြီး ၁၀ဦး ကျော် ထိခိုက်ဒဏ်ရာတွေ ရခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
“၄ဦး ပွဲချင်းပြီး သေတာ။ ၁ဦးက ဆေးရုံပို့ရင်း သေတာ။ မိသားစုဝင်တွေချည်းပဲ”လို့ အဲဒီဒေသခံက ရှင်းပြပါတယ်။
လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က ညအချိန်လာပြီး လေယာဉ်နဲ့ဗုံးကြဲတာ၊ စက်သေနတ်ပစ်တာတွေ ပြုလုပ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မတ္တရာမြို့ ဘောလုံးကွင်းထဲကနေ ဟောင်ဝစ်ဆာလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့်လည်း မတ္တရာမြို့နယ်အနောက်ခြမ်းမှာ အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေရှိတယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာကတည်းက မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ တိုက်ပွဲတွေဖြစ်နေပြီးမြောင်းသစ်ရွာအနီးကနေ ပုသိမ်ကြီးမြို့နယ်အစပ်က ကျေးရွာတွေအထိ တိုက်ပွဲတွေဖြစ်နေပါတယ်။
