နောက်လကစပြီး ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ထောက်ပံ့ငွေ ခွဲတမ်းသတ်မှတ်ချက်ကို ထက်ဝက် လျှော့ချသွားတော့မယ်လို့ ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာ ဖြန့်ဝေရေး အေဂျင်စီဖြစ်တဲ့ ကမ္ဘာ့ စားနပ်ရိက္ခာ ပရိုဂရမ် (WFP)က ထုတ်ပြန်ခဲ့ပါတယ်။
ရန်ပုံငွေ လျော့ပါးလာမှု ပြဿနာကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းလောက်ရဲ့ လစဉ် စားစရိတ် ထောက်ပံ့မှုကို ဖြတ်တောက်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူးလို့ WFP က ဆိုပါတယ်။
အဲဒီရိုဟင်ဂျာ အများစုဟာ ၂၀၁၇ တုန်းက မြန်မာနိုင်ငံ အနောက်ဖက်စွန်းမှာ စစ်တပ်ရဲ့ အဓမ္မ ဖြိုခွင်းမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဆီ ထွက်ပြေး တိမ်းရှောင်နေခဲ့သူတွေ ဖြစ်ပါတယ်။
ရိုဟင်ဂျာတွေအတွက် ရန်ပုံငွေ အထောက်အပံ့ ဖြတ်တောက် ခံရတဲ့ အခြေအနေတွေဟာ အရင်ကတည်းက ရှိခဲ့ပြီး အကျိုးဆက်အဖြစ် လူဦးရေ မတန်တဆ များပြားနေရာ ဒုက္ခသည်စခန်းတွေထဲမှာ အာဟာရ မပြည့်ဝမှု ပြဿနာက ဆိုးဆိုးရွားရွား ပျံ့နှံ့တည်ရှိနေခဲ့ပါတယ်။

Public Service Announcement
မတ်လ ၅ ရက်နေ့မှာတော့ WFPက ကြေညာစာတစ်စောင် ထုတ်ပြန်ခဲ့ရာမှာ စာရင်းသွင်းထားတဲ့ ရိုဟင်ဂျာတွေအတွက် လစဉ် စားသောက်စရိတ် ၁၂.၅ ဒေါ်လာ သတ်မှတ်တဲ့ ကူပွန်တွေ ထုတ်ပေးနေရာကနေ ဧပြီလကစပြီး တစ်ယောက် ၆ ဒေါ်လာစီသာ ထောက်ပံ့နိုင်တော့မယ်လို့ ပါရှိခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ ဆိုးဆိုးရွားရွား ရန်ပုံငွေ လျော့ပါးလာမှုတွေကြောင့်ဖြစ်ပြီး စရိတ်စကတွေ ချွေတာစိစစ်ရုံ နည်းလမ်းတွေနဲ့ မလုံလောက်တော့တဲ့အတွက် အခုလို ထောက်ပံ့စရိတ်တွေ လျှော့ချရတာ ဖြစ်တယ်လို့ WFPရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ အကြီးအကဲ ရှမ်ဆုဒ် ဒူဇာက သူ့လက်အောက်ခံ ရုံးအရာရှိတွေဟာ လာမယ့် သီတင်းပတ်ကျရင် ရိုဟင်ဂျာ လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေကို တွေ့ဆုံပြီး စားစရိတ် ဖြတ်တောက် လျှော့ချမှုနဲ့ ပတ်သက်လို့ ရှင်းပြ ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။
အမေရိကန်ရဲ့ နိုင်ငံတကာ ထောက်ပံ့ရေး ရန်ပုံငွေတွေကို ဖြတ်တောက်ပစ်လိုက်တဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ ကမ္ဘာတလွှားက လူသားချင်းစာနာမှု မစ်ရှင်တွေအပေါ် အကြီးအကျယ် ဂယက်ရိုက်ခတ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
ဒါပေမဲ့ အမေရိကန်ဟာ အခုထိ WFPရဲ့ အလှူရှင်တွေ စာရင်းမှာ ပါဝင်နေပြီး စားစရိတ် လျှော့ချရတဲ့ အကြောင်းရင်းဟာ တခြားသော အရင်းအမြစ်တွေမှာပါ ကွာဟချက်တွေ ရှိလာတာကြောင့်လို့ WFPရဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ ပြန်ကြားရေး တာဝန်ခံ ကွန်လီက ပြောကြားသွားပါတယ်။ နိုင်ငံခြား ထောက်ပံ့ရေး အေဂျင်စီတွေဟာ မျှော်လင့်ထားတဲ့ ဒေါ်လာ ၈၅၂ သန်း ရန်ပုံငွေရဲ့ ထက်ဝက်လောက်ကိုသာ ထည့်ဝင် ပံ့ပိုးနိုင်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
အခု သီတင်းပတ်ထဲမှာတော့ ဥရောပ သမဂ္ဂ (EU)ဟာ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်တွေ၊ မြန်မာနိုင်ငံက စစ်ဒဏ်ခံ ပြည်သူတွေ အပါအဝင် ဒေသတွင်း နိုင်ငံတွေမှာ အကျပ်အတည်း ကြုံတွေ့နေသူတွေအတွက် လူသားချင်း စာနာမှု ရန်ပုံငွေ ယူရို ၇၆ သန်း ထောက်ပံ့သွားမယ်လို့ ကြေညာထားခဲ့ပါတယ်။
ကိုးကား: AFP
