close
Connect with us

Hi, what are you looking for?

သတင်း

“စစ်တပ်အနေနဲ့ ကင်းလွတ်ခွင့်ဆိုတဲ့ Impunity ကို နှစ်ပေါင်းများစွာခံစားနေရတယ်။ အခုချိန်မှာ Impunity ကင်းလွတ်ခွင့် ရှိမှာ မဟုတ်တော့ဘူး”

အာဂျင်တီးနားတရားရုံးက မြန်မာစစ်ဘက်၊ အရပ်ဘက်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ပြန်လိုက်တာနဲ့ပတ်သက်လို့ BROUK ဥက္ကဋ္ဌ ဦးထွန်းခင်ကို Peopel’s Spring လူထုနွေဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

▪︎မြန်မာရိုဟင်ဂျာအဖွဲ့ယူကေ(BROUK) ဥက္ကဋ္ဌ ဦးထွန်းခင်နှင့် ဆက်သွယ်မေးမြန်းခန်း

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်မှုနဲ့ပတ်သက်လို့ အာဂျင်တီးနားတရားရုံးက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါ စစ်တပ်အရာရှိ ၂၂ ဦးကို ဖေဖော်ဝါရီ ၁၃ ရက်မှာ ဖမ်းဝရမ်းထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။​ အဲဒီထုတ်ပြန်လိုက်တဲ့ ဖမ်းဝရမ်းမှာ NLD အစိုးရလက်ထက် သမ္မတဟောင်းဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့လည်း ပါဝင်ခဲ့ပါတယ်။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့မှုတွေအပေါ် မြန်မာစစ်တပ်ခေါင်းဆောင်တွေကို ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့် Universal Jurisdiction အရ အရေးယူပေးဖို့ အာဂျင်တီးနားရှိ တရားရုံးကို BROUK လို့ခေါ်တဲ့ မြန်မာရိုဟင်ဂျာအဖွဲ့ယူကေက ၂၀၁၉ ခုနှစ်မှာ အမှုဖွင့်တိုင်ကြားခဲ့တာပါ။ အဲဒီလို တိုင်ကြားခဲ့စဥ်တုန်းက BROUK အနေနဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေ၊ လူမျိုးသုဥ်းသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်တပ်ကိုပဲ ဦးတည် လျှောက်လဲတိုက်ကြားခဲ့တာဖြစ်ပြီး အခုထုတ်ပြန်လိုက်တဲ့ ဖမ်းဝရမ်းမှာ သမ္မတဟောင်းဦးထင်ကျော်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်လာတာဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်လို့ BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က People’s Spring နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။ အာဂျင်တီးနားတရားရုံးက မြန်မာစစ်ဘက်၊ အရပ်ဘက်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ပြန်လိုက်တာနဲ့ပတ်သက်လို့ BROUK ဥက္ကဋ္ဌ ဦးထွန်းခင်ကို Peopel’s Spring လူထုနွေဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

-အီယိုရီ/People’s Spring

မေး – ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုနဲ့ပတ်သက်လို့ အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်လိုက်တဲ့အပေါ် ပထမဆုံးဘာများပြောချင်ပါလဲ။

Public Service Announcement

Public Service Announcement

ဦးထွန်းခင် – ကျွန်တော်တို့အနေနဲ့ အင်မတန်မှ ဝမ်းသာတယ် ရိုဟင်ဂျာဖြစ်သည့်အလျှောက်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ရိုဟင်ဂျာတွေကို နှစ်ပေါင်းများစွာ လူမျိုးသုဥ်းသတ်ဖြတ်မှု လုပ်နေတာတော့ နှစ်ပေါင်းများစွာရှိနေပါပြီ။ ဒါပေမဲ့ ဒီအကြမ်းဖက်စစ်တပ်ကနေ လူမျိုးသုဥ်းသတ်ဖြတ်မှု နှစ်ပေါင်းများစွာ လုပ်တယ်။ လုပ်တာကို ဘယ်တရားရုံးကမျှ ဒီလို တရားဝင် action ယူဖို့၊ ဖမ်းဝရမ်းထုတ်ဖို့ တစ်ကမ္ဘာလုံးက နှစ်ပေါင်း ၆၀၊ ၇၀ မှာ တခါမှ မရှိခဲ့ဖူးဘူး။ အခုဆိုရင် ဖေဖော်ဝါရီ ၁၄ရက်နေ့မှာ တွေ့လိုက်ရတာပေါ့။ အာဂျင်တီးနားတရားရုံးကနေ (ဖမ်းဝရမ်း)ထုတ်တယ်ဆိုတာ။ အဲဒီအခါကျတော့ ကျွန်တော်တို့ ရိုဟင်ဂျာအတွက် သက်သက်မဟုတ်ဘူး။ အခု နိုင်ငံရေးအခြေအနေအရ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားအားလုံးအတွက် တရားမျှတမှု တစ်ခုရဖို့ ဒါက လမ်းကြောင်းတစ်ခုကို ဦးတည်နေတယ်လို့ ပြောချင်ပါတယ်။

မေး – ဖမ်းဝရမ်းမှာ စစ်ခေါင်းဆောင်မင်းအောင်
လှိုင်အပါအဝင် စစ်တပ်က ၂၂ ဦး၊ NLD အစိုးရ သမ္မတဟောင်း ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်နေတယ်လို့ သိရပါတယ်။ အရပ်သားခေါင်းဆောင်တွေက ဘာကြောင့် ပါဝင်တာလဲ၊ ဘယ်လိုအခြေအနေမျိုးလဲဆိုတာ ရှင်းပြပါလား။

ဦးထွန်းခင် – ကျွန်တော်တို့ အမှုကို စုံစမ်းစစ်ဆေးပြီးတော့ ဖမ်းဝရမ်းထုတ်ဖို့ လျှောက်လဲချက်တင်တဲ့အခါကျတော့ အကြမ်းဖက်စစ်တပ်ကို ဦးတည်ပြီးတော့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ တရားရုံးက တာဝန်ခံမှု၊ တာဝန်ယူမှု ရှိတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်လည်း အဲဒီတုန်းက အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ခဲ့တယ်။ သမ္မတဟောင်းဦးထင်ကျော်လည်း သမ္မတဖြစ်ခဲ့တယ်ဆိုတော့ ဒါက တရားဥပဒေဘောင်ကနေ ထုတ်တဲ့အပေါ်ပဲ သူတို့ ထုတ်လိုက်တာပေါ့နော်။ သူတို့ စုံစမ်းစစ်ဆေးပြီးတော့ သူတို့ ထုတ်ထားတာပေါ့နော်။ ဒါက သူတို့ရဲ့ ဆုံးဖြတ်ချက်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ လျှောက်လဲချက်မှာ ဖမ်းဝရမ်းထုတ်ဖို့ စစ်တပ်ကိုပဲ၊ အကြမ်းဖက်စစ်ခေါင်းဆောင်အပါအဝင် စစ်ခေါင်းဆောင်တွေကိုပဲ​ ကျွန်တော်တို့အနေနဲ့ ထုတ်ဖို့တောင်းဆိုခဲ့တာပါဗျ။

မေး – ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက်မှာ အရပ်သားအစိုးရဟာ စစ်တပ်ကို အမိန့်​ပေးလို့မရဘူး။ စစ်တပ်အ​ကြောင်းပြတာ ARSA က နယ်ခြား​စောင့်တပ်​တွေကို အကြမ်းဖက်လို့ နယ်​မြေရှင်းလင်း​ရေးလုပ်တယ်ဆိုတဲ့​ခေါင်းစဥ်နဲ့ ရိုဟင်ဂျာ​တွေအ​ပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှု​တွေကျူးလွန်ခဲ့တယ်။ ဒီအ​ခြေအ​နေမှာ စစ်တပ်ကိုအမိန့်​ပေးမရတဲ့ အရပ်သား​ခေါင်း​ဆောင် ၂ဦးကိုပါ စစ်​ခေါင်း​ဆောင်​တွေနဲ့အတူ ဖမ်းဝရမ်းထုတ်ခံရတဲ့အ​ပေါ် ဦးထွန်းခင်ရဲ့အမြင်သိချင်ပါတယ်။

ဦးထွန်းခင် – ဒါကတော့ ကျွန်တော်တို့ မြင်တာက ဥပဒေထဲကနေ .. ဒီမှာကျတော့ ကျွန်တော်တို့ မြင်တာက ဒေါ်အောင်ဆန်းစုကြည်က ICJ မှာ သွားပြီးတော့ ကမ္ဘာ့တရားရုံးကို သွားပြီးတော့ ခုခံတာတွေရော၊ ပြီးတော့ တခြားကို စစ်တပ်ကို အကာအကွယ်ပေးပြီးတော့ ပြောပေးတာတွေ ကြည့်ပြီးတော့ သူတို့ လုပ်တယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီမှာ တာဝန်ယူမှု၊ တာဝန်ခံမှုကိုကြည့်ပြီးတော့ နိုင်ငံတကာဥပဒေချိုးဖောက်တဲ့ အမြင်တွေကို ကြည့်ပြီးလုပ်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ကျွန်တော်ကလည်း တရားသူကြီးလည်းမဟုတ်ဘူး။ ရှေ့နေလည်းမဟုတ်ဘူးဆိုတော့ သူတို့ပဲ ပိုသိမှာပါ။ ဒါပေမဲ့ ကျွန််တော်တို့ အမှုစွဲခဲ့သလောက် ကျွန်တော်တို့ဟာ ဒီအမှုမှာ ဖမ်းဝရမ်းထုတ်ဖို့က အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း၊ အမှတ် ၃၃ တပ်မမှူး၊ ၇၇ တပ်မမှူး၊ အမှတ် ၂၂ တပ်မမှူး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ နောက်အဲဒီတုန်းက ၂၀၁၆-၁၇ မှာ ရှိခဲ့တဲ့ တပ်ရင်းတွေရဲ့ တပ်မှူးတွေ အဲဒါတွေကိုပဲ ကျွန်တော်တို့ တောင်းဆိုခဲ့တာ တကယ်တမ်းပြောမယ်ဆိုရင် ဖမ်းဝရမ်းထုတ်ဖို့။

မေး – ဖမ်းဝရမ်းမှာ ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်တို့ပါဝင်နေမှုကရော ဘယ်လိုဆက်ဖြစ်နိုင်မလဲ။ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် စစ်အာ
ဏာသိမ်းချိန် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်က
တည်းက စစ်တပ်က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး သူ့ရဲ့ ကျန်းမာရေးကအစ ဘယ်နေရာမှာ ဘယ်လိုထားရှိသလဲဆိုတာ စစ်အုပ်စုကလွဲလို့ ဘယ်သူမှ တိတိကျကျ မသိရတဲ့ အခြေအနေလို့ နားလည်ရပါတယ်။ အဲဒီအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့အတွက် ဘယ်လိုမျိုး သက်ရောက်မှုတွေ ဖြစ်လာမလဲ။

ဦးထွန်းခင် – ကျွန်တော် ထင်တယ် သက်ရောက်မှုက ဒီမှာ ပိုပြီးရှိမှာကတော့ အကြမ်းဖက်စစ်တပ်ကို။ သူတို့က ဒီနေ့ထက်ထိ လူမျိုးသုဥ်းသတ်ဖြတ်မှုရော၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်နေတာတွေရော၊ တစ်ကမ္ဘာလုံးက သူတို့မှာ ဒီ နေ့စဥ်နှင့်အမျှ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်တာတွေ ဒီသတင်းတွေ ရှီတယ်။ ပြီးတော့ စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေ ဒီသတင်းတွေ နိုင်ငံတကာ ဥပဒေပညာရှင်ရော၊ တစ်ကမ္ဘာလုံးက သိတာပေါ့နော်။ ဒီလိုဟာကျ ဖမ်းဝရမ်းသွားမှာက နိုင်ငံတကာရဲတပ်ဖွဲ့ကို သွားမယ်။ ပြီးတော့ european union တို့ အာဆီယံနိုင်ငံတို့၊​ အမေရိကန်နိုင်ငံ၊ ပြီးတော့ OIC လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာအစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဒီနိုင်ငံတွေဆီ သွားမယ်ဆိုတော့ လက်ရှိ မြန်မာပြည်အခြေအနေက ဒီစစ်တပ်သည် ဘယ်လောက်အထိ အကြမ်းဖက် ရက်ရက်စက်စက် နေ့စဥ်နှင့်အမျှ ရိုဟင်ဂျာတွေအပါအဝင် နိုင်ငံမှာ ရှိနေတဲ့ လူမျိုးတိုင်းကို အကြမ်းဖက်မှုတွေ လုပ်နေပါတယ်ဆိုတာ သိသာပြီးသား။ နောက်ပြီး sanction တွေလည်း ချထားပြီးသားဆိုတော့ စစ်တပ်ကိုပဲ ပိုပြီး သူတို့ ဦးတည်ပြီးတော့ လုပ်မ​ယ်လို့ ထင်ပါတယ်ခင်ဗျ။

မေး – ၂၀၁၇ မှာစစ်တပ်က အကြမ်းဖက်မှု​တွေလုပ်နိုင်​အောင် အစ​ဖော်​ပေးခဲ့တဲ့ ARSA က အခု​နွေဦး​တော်လှန်​ရေးမှာ စစ်တပ်နဲ့ တအုပ်စုတည်းဖြစ်​နေတာ​တွေ့ရတယ်။ ဒါ​ကြောင့် ၂၀၁၇ ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်မှုဟာ စစ်တပ်က အစအဆုံးကြိုတင်စီစဥ်ခဲ့တယ်ဆိုတဲ့ သုံးသပ်ချက်​တွေလည်း​ရှိပါတယ် ။ ​ဒေါ်​အောင်ဆန်းစုကြည်ကို အ​နောက်နိုင်ငံ​တွေ အထင်မှား​အောင်၊ နိုင်ငံ​ရေးသိက္ခာကျ​အောင် စစ်တပ်က တမင်းကြံစည်လုပ်တယ်လို့ သုံးသပ်ကြတာ​တွေ့ရပါတယ်။ ဒီအ​ပေါ် ဦးထွန်းခင်ရဲ့အမြင် ၊ စစ်တပ်နဲ့ ARSA အဆက်အစပ်ကို ဘယ်လိုသုံးသပ်မိပါလဲ။

ဦးထွန်းခင် – အခု ဒီ ARSA သည် စစ်တပ်နဲ့ ပူးပေါင်းပြီးလုပ်နေတယ်ဆိုတာ ကျွန်တော်တို့ သိရပါတယ်။ ဒီဟာအပေါ်မှာ ကျွန်တော်တို့ ရှုတ်ချတယ်။ ARSA သည် ရိုဟင်ဂျာလူမျိုးကို ကိုယ်စားမပြုဘူး။ ပြီးတော့ ရိုဟင်ဂျာတွေက ထောက်ခံတဲ့ အဖွဲ့ အစည်းလည်း မဟုတ်ဘူး။ အဲဒါကိုတော့ ကျွန်တော်တို့ ပြောနိုင်တယ်။ ဒါပေမဲ့ ဒီမှာကတော့ conspiracy လို့ခေါ်မယ်၊ စစ်တပ်နဲ့ပေါင်းပြီး အဲဒါတွေကျတော့ ကျွန်တော့်အနေနဲ့ ပြောဖို့ခက်မယ်ဗျ။ ဘာပြုလို့လဲဆိုတော့ တရားရေးမဏ္ဍိုင်ကနေ ဆုံးဖြတ််တာက တာဝန်ယူမှု၊ တာဝန်ခံမှုကို ဦးတည်ပြီးတာ့ လုပ်တယ်လို့ ကျွန်တော်မြင်ပါတယ်ဗျ။

မေး – အာဂျင်တီးနားတရားရုံးက အခုလို ဖမ်းဝရမ်းထုတ်လိုက်တာက မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေအတွက် ဘယ်လိုသက်ရောက်မှု ရှိလာနိုင်မလဲ။

ဦးထွန်းခင် – အာဏာသိမ်းခေါင်းဆောင်တွေအတွက်တော့ အများကြီးဖိအားပေးမှုတွေ ကြီးကြီးမားမားတစ်ခုဖြစ်လာနိုင်မယ်။ ပြီးတော့ ကျွန်တော်တို့ နိုင်ငံမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေတင်မကဘူး။ ကျွန်တော်တို့ နိုင်ငံမှာ ရှိနေတဲ့ နွေဦးတော်လှန်ရေးကို၊ စစ်တပ်ကို အမြစ်ဖြတ် ချေမှုန်းရေး၊ ဖယ်ရှားရေး ကြိုးစားနေတဲ့ တော်လှန်ရေးအုပ်စုတွေအတွက် အင်မတန်မှ အားကောင်းတဲ့အလားအလာတစ်ခုရှိတယ်လို့ ကျွန်တော်အနေနဲ့ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအကြမ်းဖက်စစ်တပ်သည် နှစ်ပေါင်းများစွာ ရိုဟင်ဂျာကို လူမျိုးသုဥ်းသတ်ဖြတ်ဖို့ လုပ်တယ်။ တခြားလူမျိုးတွေကို လူသားမျိုးနွယ်အပေါ်မှာ ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်။ ဘယ်နိုင်ငံကမှ၊ ဘယ်တရားရုံးကမှ ဒီလို ဖမ်းဝရမ်းထုတ်ခဲ့တာ မရှိဘူး။ အခုအချိန်မှာဆိုရင် ဒါ ပထမဦးဆုံး သမိုင်းဝင်ပဲ။ အဲဒီအတွက်ကြောင့် ဒီဖမ်းဝရမ်းသည် ကျွန်တော်တို့ ရိုဟင်ဂျာတင်မကဘူး၊ နိုင်ငံသူ၊ နိုင်ငံသားအားလုံးအတွက်၊ ကျွန်တော်တို့နိုင်ငံမှာ ရှိနေတဲ့ လူမျိုးတိုင်းအတွက် တရားမျှတမှုရရှိဖို့အတွက် တော်တော်လေးကို ကောင်းတဲ့အလားအလာတစ်ခုဖြစ်တယ်လို့ ပြောချင်ပါတယ်။ ပြီးတော့ စစ်တပ်အနေနဲ့ ကင်းလွတ်ခွင့်ဆိုတဲ့ Impunity ကို နှစ်ပေါင်းများစွာခံစားနေရတယ်။ အခုချိန်မှာ Impunity ကင်းလွတ်ခွင့် ရှိမှာ မဟုတ်တော့ဘူး။ နိုင်ငံတကာကနေ သူတို့ကို ဖမ်းဝရမ်းထုတ်လာတဲ့ အနေအထားတစ်ခု ရောက်ပြီဆိုတော့ ဒါက စစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေ လုပ်ဖို့က တော်တော်လေးကို ဖိအားပေးမှု ရှိလာမယ်လို့ ယုံကြည်ပါတယ်။

မေး – ICC က စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ်က အမှုဖွင့်လှစ်ထားတာ ရှိပါတယ်။ အဲဒီအပေါ် အခုလို အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းက ဘယ်လောက်အထိ တွန်းအားဖြစ်စေနိုင်မလဲ။

ဦးထွန်းခင် – ဒါကြီးက ICC အတွက် ပိုအား
ကောင်းလာမယ်။ အထူးသဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်အတွက် ဖိအားက အရင်ကထက် ပိုပိုပြီး ဖိအားများလာတာပေါ့နော်။ အဲဒီလိုပဲ ပြောနိုင်ပါတယ်။

မေး – အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာ Universal Jurisdiction ကို လိုက်နာတာ လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌနိုင်ငံ မလေးရှား တစ်နိုင်ငံရှိတာ တွေ့ရတယ်။ မလေးရှားက ဒီအပေါ် ဘယ်လိုတုန့်ပြန်ဆောင်ရွက်လာနိုင်ပါလဲ။ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူချိန်နဲ့လည်း တိုက်ဆိုင်နေတော့ ဘယ်လောက်အထိ မျှော်လင့်ထားပါလဲ။

ဦးထွန်းခင် – မလေးရှားအနေနဲ့ Red Notice ခေါ်တဲ့ အနီရောင်အဆင့် အကြောင်းကြားစာတွေ Interpol ကနေ ရလာတာနဲ့ ဒါကို အကောင်
အထည်ဖော်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

မေး – ၂၀၁၇ ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်မှု ဖြစ်စဥ်​က​နေ အနာဂတ်မှာ အလားတူ ဖြစ်ရပ်​တွေမကြုံ​အောင် ဘယ်လိုသင်ခန်းစာယူနိုင်မလဲ။

ဦးထွန်းခင် – သင်ခန်းစာက အဓိကက ကျွန်တော်တို့နိုင်ငံမှာ ဘယ်သူပဲ ပါဝါရှိရှိ၊ ဘယ်အစိုးရဖြစ်ဖြစ်၊ ဘယ်တော်လှန်ရေး အင်အားစုဖြစ်ပါစေ၊ ဘယ်သူပဲ ဖြစ်ပါစေ ကျွန်တော်တို့အနေနဲ့ နိုင်ငံအတွင်းမှာ ရှိနေတဲ့ ဥပဒေကို လိုက်နာပြီးတော့ နိုင်ငံတကာဥပဒေတွေကို လိုက်နာဖို့လိုမယ်။ ပြီးတော့ လူမျိုးတမျိုးကို ကျွန်တော်တို့ ရိုဟင်ဂျာဆိုရင်ဗျာ ကျွန်တော်တို့နာမည်ကိုတောင် အသိအမှတ်မပြုဘူး။ ရိုဟင်ဂျာလို့တောင်။ ပြီးတော့ လူမျိုးတမျိုးကို တခါတည်းကို စနစ်တကျသုတ်သင်ရှင်းလင်းနေတဲ့အပေါ်မှာ အစိုးရသပ်သပ်မဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံမှာ ရှိနေတဲ့ နိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ တာဝန်လည်းရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရိုဟင်ဂျာတွေကို ပထမဗျာ တိုင်းရင်းသားအခွင့်အရေးသိမ်းတယ်။ နိုင်ငံသားအခွင့်အရေးသိမ်းတယ်။ အသွားအလာတွေ ပိတ်ပင်တယ်။ ကျောင်းတက်ခွင့်တွေ ပိတ်ပင်တယ်။ လယ်ယာမြေတွေ သိမ်းပိုက်တယ်။ နောက်ပြီး သူတို့ကို အမုန်းတရားတွေ တရားမဝင် ခိုးဝင်လာတယ်ဆိုပြီးတော့ စစ်တပ်က ဝါဒဖြန့်ချိပြီးတော့ နိုင်ငံမှာ ရှိနေတဲ့ ပြည်သူတွေကို အသုံးချပြီး အမုန်းတရားတွေ ဝါဒဖြန့်တယ်။ နောက်ပိုင်း ရိုဟင်ဂျာရွာပေါင်း ထောင်ပေါင်းများစွာကို၊ ရာပေါင်းများစွာကို မီးရှို့တယ်။ မီးရှို့ပြီးတော့ နိုင်ငံတွင်းကနေ မောင်းထုတ်တယ်။ အဲဒီအချိန်က။ ကျွန်တော်တို့ နိုင်ငံက သွားနေတာက အခုအခြေအနေမှာက အားလုံးပါဝင်တဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကြီးကို လိုလားတယ်ဆိုရင် အရှိကို အရှိအတိုင်း အမှန်တရားကို အမှန်တရားအတိုင်း တကယ့်ကို ရဲရဲဝံ့ဝံ့မားမားမတ်မတ် ရပ်တည်ပြီးတော့ ဘယ်သူမဆို ဥပဒေအပေါ်မှာ ဘယ်သူမှ မရှိဘူးဆိုတာကို ကျွန်တော်တို့အနေနဲ့ မားမားမတ်မတ်ရပ်တည်ပြီးတော့ အမှန်တရားကို အမှန်တရားအတိုင်း ပြောဖို့ လိုပါလိမ့်မယ်။ အဲဒါမှ ကျွန်တော်တို့ နိုင်ငံမှာ အနာဂတ်မှာ ရှိနေမယ့် ကျွန်တော်တို့ နိုင်ငံက လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ရှိနေတယ်ဆိုတော့ လူမျိုးမခွဲခြားဘဲနဲ့ အားလုံးကို ညီတူညီမျှ အခွင့်အရေးတွေ ပေးဖို့ လိုအပ်မယ်။ အဲဒီအချိန်ကျတော့ ကျွန်တော်တို့ နိုင်ငံအတွက် အနာဂတ်ကောင်းသွားမယ်။ နောက်ပြီးကျတော့ ၂၀၁၇ ခုနှစ် လူမျိုးသုဥ်းသတ်ဖြတ်မှုကနေ သင်ခန်းစာယူရမှာကတော့ ဒီလိုအဆိုးရွားဆုံးသော ရာဇဝတ်မှုတွေ ကျူးလွန်သည့်တိုင်အောင် စစ်တပ်က ပြည်သူတွေကို အမုန်းတရားဖြန့်ပြီး ဒါ ဟုတ်တယ် မှန်တယ် အဲဒါတွေ မရှိဖို့ လိုအပ်တယ်။ ရဲရဲဝံ့ဝံံ့မားမားမတ် ရပ်တည်ဖို့ လိုပါမယ်။ လူ့အခွင့်အရေးတွေ ချိုးဖောက်မှုအတွက်ရော၊ လူမျိုးသုဥ်းသတ်ဖြတ်မှုအတွက်ရော၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်မှုတွေ အတွက်ရော ကျွန်တော်တို့ အနေနဲ့ နိုင်ငံသူ နိုင်ငံသားအားလုံး တကယ့်ကို မားမားမတ်မတ်ရပ်တည်ဖို့ လိုပါမယ်ဗျ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ရိုဟင်ဂျာ ၉၃၆ဦးအား စစ်ကောင်စီက ခေါ်ထုတ်သွားပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ခေါ်ဆောင်သွား၍ အာရက္ခတပ်‌တော်(AA)နှင့် တိုက်ပွဲများတွင် လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်သည့်အခြေအနေအတွက် စိုးရိမ်ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ပြောသည်။

သတင်း

အာဂျင်တီးနားတရားရုံးက မြန်မာစစ်ဘက်၊ အရပ်ဘက်ခေါင်းဆောင်များအား ဖမ်းဝရမ်း ထုတ်ခဲ့ရာတွင် အရပ်ဘက်ခေါင်းဆောင်များဖြစ်သည့် သမ္မတဟောင်းဦးထင်ကျော် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်နေခြင်းမှာ တရားရုံး၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့ယူကေ(BROUK)ဥက္ကဋ္ဌ ဦးထွန်းခင်က People’s Spring သို့ ပြောသည်။

သတင်း

ရိုဟင်ဂျာများအား လူမျိုးသုဉ်းသတ်ဖြတ်မှုတွက် မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အာဂျင်တီးနားတရားရုံးကဖမ်းဝရမ်းထုတ်ပြန်လိုက်ကြောင်းမြန်မာရိုဟင်ဂျာအဖွဲ့ယူကေ(BROUK)ကယနေ့(ဖေဖော်ဝါရီ ၁၄ရက်)ထုတ်ပြန်လိုက်သည်။

သတင်း

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁.၂ သန်းလောက်ရှိပြီး အများအပြားဟာ ၂၀၁၇ ကတည်းက နေရပ်စွန့်ခွာ ထွက်ပြေးခဲ့သူတွေ ဖြစ်ပါတယ်။

Facebook