ဟိမဝန္တာ တောင်စဉ်တန်းတွေနဲ့ ဆက်စပ်နေရာ အာရှတောင်ပိုင်း နိုင်ငံမှာ စက်တင်ဘာ ၂၉ ရက်နေ့ထိ စာရင်းတွေအရ ရေကြီး၊ မြေပြိုမှုတွေအတွင်း သေဆုံးခဲ့သူ ၁၄၈ ဦးထက်မနည်း ရှိခဲ့ပြီး ဖြစ်သလို ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ရေကြီးမှုတွေဟာ နိုင်ငံရဲ့ ဒေသတချို့မှာ ပျံ့နှံ့ ဖြစ်ပေါ်နေတာဖြစ်ပြီး ပျောက်ဆုံးနေသူ ၅၀ ကျော်လည်း ရှိနေပါသေးတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က နီပေါမှာ ၂ ရက်ဆက်တိုက် မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့တဲ့နောက် ရုတ်တရက် ရေကြီးမှုတွေနဲ့ နောက်ဆက်တွဲ မြေပြိုမှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ခတ္တမန္ဒူ မြို့တော်တဝိုက်က တောင်ကြား ဒေသတွေမှာလည်း ရေတွေ ပြည့်လျှံကုန်ပြီး လူတွေဟာ အိမ်အမိုး တစ်ခုကနေ တစ်ခု ခုန်ကျော် ဖြတ်သန်းရင်း ဘေးလွတ်ရာဆီ ရွှေ့ပြောင်းဖို့ ကြိုးစားနေရပါတယ်။ ခတ္တမန္ဒူတဝိုက် မြေနိမ့်ပိုင်း ဧရိယာတွေမှာ ရေဘေးသင့်လို့ လူပေါင်း ၃၆၀၀ လောက်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။
ရေတွေက အံ့ဩစရာ ကောင်းလောက်အောင် မြန်မြန်ဆန်ဆန် မြင့်တက်လာခဲ့တဲ့အတွက် အိမ်ခေါင်မိုး တစ်ခုကနေ တစ်ခုကို ခုန်ကျော်ပြီး အသက်လု ရွှေ့ပြောင်းခဲ့ရကြောင်း၊ ဘာပစ္စည်းကိုမှ မသယ်နိုင်ခဲ့ကြောင်း ခတ္တမန္ဒူ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
စက်တင်ဘာ ၂၈ ရက်မှာတော့ နေရာတချို့မှာ ရေကျစပြုပြီး ဒေသခံတွေဟာ ရွှံ့ချပ်တွေ အလိမ်းလိမ်း ဖုံးလွှမ်းနေတဲ့ နေအိမ်တွေဆီကို စပြီး ပြန်ခွင့်ရနေပြီ ဖြစ်ပါတယ်။
ကယ်ဆယ်ရေး ကဏ္ဍမှာတော့ ရာဘာလှေတွေအပြင် စစ်တပ် ရဟတ်ယာဉ်တွေကိုပါ အသုံးပြုပြီး ပိတ်မိနေသူတွေကို ဖြန့်ကျက် ရှာဖွေနေပါတယ်။
တစ်ဖက်မှာလည်း ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် သေဆုံးသူ ဦးရေဟာ စိုးရိမ်စရာ အနေအထားမျိုးထိ တရိပ်ရိပ် မြင့်တက်လာနေဆဲလို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။
သေဆုံးသူတွေထဲက အနည်းဆုံး ၃၅ ယောက်ရဲ့ ရုပ်အလောင်းဟာ ခတ္တမန္ဒူနားက အဝေးပြေးလမ်းပိုင်း တစ်ခုမှာ ရုတ်တရက် မြေပြိုကျခဲ့တဲ့ နေရာမှာ ပိမိနေတဲ့ ကားတွေထဲကနေ ဆွဲထုတ်ခဲ့ရတာ ဖြစ်ပါတယ်။ ခတ္တမန္ဒူ အနောက်တောင်ဖက်မှာရှိတဲ့ မက်ခ်ဝမ်ပူရာမှာလည်း ဘောလုံး လေ့ကျင့်ရေး စင်တာတစ်ခုပေါ် မြေပြိုရာက ဘောလုံးသမား ၆ ယောက် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ရေစီးနဲ့အတူ မျောပါပြီး ရှာမတွေ့တော့ဘဲ ပျောက်ဆုံးသွားခဲ့သူ အများအပြားလည်း ရှိနေပါတယ်။
ခတ္တမန္ဒူနဲ့ နိုင်ငံရဲ့ အစိတ်အပိုင်း အများစုကို ဆက်သွယ်ထားတဲ့ အဝေးပြေး လမ်းတွေမှာလည်း မြေပြိုမှုတွေကြောင့် လမ်းတွေပိတ်ပြီး ကူးသန်းသွားလာရေး ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။
သိပ္ပံပညာရှင်တွေက ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်နဲ့အတူ ကမ္ဘာ့အစိတ်အပိုင်း တချို့မှာ မိုးရွာသွန်းမှုတွေ ပိုမိုပြင်းထန် ကြမ်းတမ်းလာနေစေတယ်လို့ ပြောပါတယ်။ ကမ္ဘာ့အပူချိန် မြင့်တက်လာမှုနဲ့အတူ သမုဒ္ဒရာတွေကို ပိုမိုပူနွေးလာစေပြီး မုန်တိုင်း ဖွဲ့စည်းမှုတွေကို ပိုမို အားဖြည့်ပေးတာကြောင့် အကျိုးဆက်တွေကလည်း ဖြစ်နေကျထက် ပိုမို ပြင်းထန်လာလေ့ ရှိတယ်လို့ ပညာရှင်တွေက ရှင်းပြထားပါတယ်။
ကိုးကား: BBC
