close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လက်ဘနွန်အနှံ့ pagerတွေ အများအပြား ပေါက်ကွဲပြီး ၉ ဦးသေ၊ ၃၀၀၀ ကျော်ဒဏ်ရာရ၊ အစ္စရေး လက်ချက်လို့ ဟစ်ဇ်ဘိုလာ စွပ်စွဲ

လက်ဘနွန် နိုင်ငံအနှံ့မှာ pager ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ရာက လူ ၉ ဦး သေဆုံးပြီး ၃၀၀၀ လောက် ဒဏ်ရာရခဲ့တဲ့နောက် ဒီတိုက်ခိုက်မှုဟာ အစ္စရေးလက်ချက်လို့ ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

လက်ဘနွန် အခြေစိုက် ပြောက်ကျားတပ်ဖွဲ့က စက်တင်ဘာ ၁၇ ရက်နေ့ တိုက်ခိုက်မှုတွေဟာ ဟစ်ဇ်ဘိုလာ တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားခဲ့တဲ့ အစ္စရေးရဲ့ လုပ်ကြံမှု ဖြစ်တယ်လို့ စွပ်စွဲခဲ့ပြီး ထိထိရောက်ရောက် တုံ့ပြန် လက်စားချေမယ်လို့လည်း ကြုံးဝါးခဲ့ပါတယ်။

လက်ဘနွန် နိုင်ငံထဲမှာ နေရာအနှံ့ pagerတွေ ထပေါက်ကွဲတဲ့ သတင်းတွေ ကြားခဲ့ရသလို ထိခိုက် သေဆုံးသူတွေထဲမှာ အရပ်သားတွေ၊ ဟစ်ဇ်ဘိုလာ တပ်ဖွဲ့ဝင်တွေနဲ့ ဘေရွတ်မြို့တော် အခြေစိုက် အီရန် ကိုယ်စားလှယ် အဖွဲ့တွေ ပါဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ လက်ကိုင် pagerလေးတွေဟာ လက်ဘနွန်မှာတော့ လူသုံးများတဲ့ ဆက်သွယ်ရေး ကိရိယာလေးတွေ ဖြစ်ပါတယ်။ ဟစ်ဇ်ဘိုလာ ပြန်ကြားရေး အရာရှိ ဇီယက်ဒ် မက်ကာရီက အခုလိုမျိုး pagerတွေကို ပေါက်ကွဲစေတဲ့ နည်းလမ်းနဲ့ တိုက်ခိုက်တာဟာ အစ္စရေးရဲ့ ရန်လို အကြမ်းဖက်မှု တစ်ခုလို့ စွပ်စွဲပြီး မျှတတဲ့ တရားစီရင် အပြစ်ပေးမှုကို ရှာဖွေသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်း တစ်ခုမှာဆိုရင် ကုန်စုံဆိုင် တစ်ခုထဲမှာ လူတစ်ယောက်က ငွေရှင်းနေတဲ့အချိန် အနားမှာရှိတဲ့ pagerက ထပေါက်ကွဲတာကို တွေ့ရပါတယ်။

ဟစ်ဇ်ဘိုလာတွေဟာ အစ္စရေးက ဂါဇာမှာ ထိုးစစ်စတင် ဆင်နွှဲချိန်ကစလို့ အစ္စရေးနဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ ရှိနေခဲ့ပြီး အခြေအနေတွေ တင်းမာနေပါတယ်။ အမည်မဖော်လိုတဲ့ ဟစ်ဇ်ဘိုလာ အရာရှိ တစ်ယောက်ကတော့ ဂါဇာ စစ်ပွဲ ကာလတလျှောက် အခုဖြစ်စဉ်ဟာ အဆိုးရွားဆုံး လုံခြုံရေး ကျိုးပေါက်မှု ဖြစ်လာခဲ့ကြောင်း မှတ်ချက် ပေးသွားခဲ့ပါတယ်။

New York Times သတင်းဌာနကတော့ ကနဦး စုံစမ်းမှုတွေအရ အစ္စရေးဟာ ထိုင်ဝမ်လုပ် Gold Apollo အမျိုးအစား pagerတွေကို လက်ဘနွန်ဆီ မတင်ပို့ခင်မှာ ဖောက်ခွဲရေး ပစ္စည်းတွေကို ထည့်ဝှက်ထားခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီ ဖောက်ခွဲရေး ပစ္စည်းတွေကို အဝေးကနေ ထိန်းချုပ် ဖောက်ခွဲပစ်နိုင်တဲ့ စနက်တံပါ ထည့်သွင်းထားတာ ဖြစ်နိုင်တယ်လို့လည်း New York Timesက အမေရိကန်နဲ့ တခြား မဟာမိတ် စစ်ဘက် အရာရှိ တချို့ရဲ့ မှတ်ချက်တွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာတွေရဲ့ မဟာမိတ်ဖြစ်ပြီး ဂါဇာမှာ အစ္စရေးနဲ့ စစ်ခင်းနေတဲ့ ဟားမားစ် ပြောက်ကျားအဖွဲ့ကလည်း အခုလိုမျိုး pagerတွေ အသုံးပြု တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး အစ္စရေးဟာ ခါးသီးတဲ့ ရှုံးနိမ့်တွေနဲ့ ကြုံရလိမ့်မယ်လို့ ခြိမ်းခြောက် သတိပေးသွားခဲ့ပါတယ်။

လက်ဘနွန် နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျီနင်း ဟန်နစ် ပလက်စ်ချတ်ကလည်း pagerတွေ အသုံးပြု တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ရှိရင်းစွဲ တင်းမာမှုတွေကို သိသိသာသာ မြင့်တက်လာစေမယ့် လုပ်ရပ်မျိုးလို့ ဝေဖန် ပြောကြားသွားပါတယ်။

အစ္စရေးရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန်ကတော့ အဲဒီ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်မှု မရှိကြောင်းရော၊ တကယ့် လက်သည် အစစ်အမှန် ဘယ်သူဆိုတာ မသိသေးကြောင်းပါ ငြင်းချက်ထုတ်သွားပါတယ်။ အစ္စရေးကတော့ ဒီတိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ ရှိနေကြောင်း ဟစ်ဇ်ဘိုလာ စွပ်စွဲချက်အပေါ် ဘာတုံ့ပြန် ဖြေရှင်းမှုမှ မရှိသေးပါဘူး။

ဟစ်ဇ်ဘိုလာတွေဟာ အစ္စရေးရဲ့ တည်နေရာ ခြေရာခံ စနစ်တွေကို ရှောင်ရှားဖို့အတွက် နည်းပညာမြင့် ဆက်သွယ်ရေး ကိရိယာတွေကို မသုံးစွဲဘဲ pagerတွေကို အဓိက မှီခိုနေတာ ဖြစ်ပါတယ်။ ဟစ်ဇ်ဘိုလာတွေ အားထားတဲ့ pagerတွေ ဆိုတာဟာ စာနဲ့ ရေးသားထားတဲ့ သတင်းစကားတွေကို ဖော်ပြပေးနိုင်တဲ့ ဝါယာလက် ဆက်သွယ်ရေး ကိရိယာ အမျိုးအစား တစ်ခု ဖြစ်ပါတယ်။

ကိုးကား: CNA⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို ရန်လို တိုက်ခိုက်ခဲ့မှုအတွက် ဟားမားစ် ပြောက်ကျားအဖွဲ့ ခေါင်းဆောင်သစ် ဖြစ်လာသူ ယာဟ်ယာ ဆင်ဝါကို အမေရိကန်က စွဲချက်တင်လိုက်ပါတယ်။

နိုင်ငံတကာ

ဟားမားစ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေထဲက ၆ ဦး သေဆုံးသွားတယ် ဆိုတာကို အတည်ပြု ကြေညာခဲ့တဲ့နောက် စစ်ပွဲနဲ့ ပတ်သက်ပြီး အစိုးရရဲ့ စီမံခန့်ခွဲမှုကို မကျေမနပ် ဆန္ဒပြမှုတွေ အစ္စရေးမှာ ပေါ်ပေါက်လာပါတယ်။

နိုင်ငံတကာ

အစ္စရေး စစ်တပ်နဲ့ လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကြား လက်နက် အင်အား အလုံးအရင်း အသုံးပြုပြီး အပြန်အလှန် တိုက်ခိုက်နေတဲ့နောက် အရှေ့အလယ်ပိုင်းမှာ နောက်ထပ် စစ်ပွဲကြီးတစ်ခု ပေါ်ပေါက်လာမှာကို အလေးအနက် စိုးရိမ်ရတဲ့ အခြေအနေမျိုး ဖြစ်လာပါတယ်။

နိုင်ငံတကာ

အစ္စရေးနိုင်ငံ မြောက်ပိုင်းကို လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေက ဒုံးကျည် ရာဂဏန်းလောက် ပစ်ခတ်ခဲ့ကြောင်း အစ္စရေးက ကြေညာခဲ့ပါတယ်။