close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘာသာရေး ရဲတွေက အမျိုးသမီးတွေကို အနှောင့်အယှက် ပေးတော့မှာ မဟုတ်ဘူးလို့ အီရန်သမ္မတပြော

အီရန်ရဲ့ ဘာသာရေး ရဲတပ်ဖွဲ့ဟာ အမျိုးသမီးတွေအတွက် အနှောင့်အယှက် ဖြစ်စရာ အခြေအနေမျိုး ထပ်ရှိမှာ မဟုတ်တော့ဘူးလို့ အီရန် သမ္မတသစ်က ပြောပါတယ်။

အီရန်ရဲ့ ဘာသာရေး ရဲတွေဟာ အမျိုးသမီးတွေကို ဘာသာရေး ဓလေ့ထုံးစံနဲ့ ဆက်နွှယ်တဲ့ ခေါင်းမြီးခြုံအဝတ် သေချာ မဝတ်ဆင်ဘူးဆိုရင် ဖမ်းဆီးတာ၊ ရိုက်နှက်နှိပ်စက်တာမျိုးတွေ ရှိခဲ့ကြောင်း နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းကတော့ တဟီရန် မြို့တော်မှာ အီရန် ဘာသာရေး ရဲတွေရဲ့ အလွန်အကျွံ ကိုင်တွယ်ပုံကြောင့် အသက် ၂၂ နှစ်အရွယ် မာဆာ အမီနီဆိုတဲ့ အမျိုးသမီးငယ် သေဆုံးခဲ့ပြီး ပြည်တွင်းမှာ အုံကြွ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အမီနီ သေဆုံးမှု ၂ နှစ်ပြည့် ကာလမှာ သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်က ဘာသာရေး ရဲတွေနဲ့ ပတ်သက်လို့ အခုလိုမျိုး အာမခံ စကားကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကတင် ကုလသမဂ္ဂက အီရန်မှာ အမျိုးသမီးတွေဟာ စံသတ်မှတ် ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ရင် လွန်လွန်ကဲကဲ ဖိနှိပ် ချုပ်နှောင်တာတွေ ခံနေရဆဲလို့ ကြေညာခဲ့ပါတယ်။ ကုလသမဂ္ဂက အီရန် အာဏာပိုင်တွေဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားတဲ့သူ မှန်သမျှကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ဖြိုခွင်းနေတယ်လို့ စွပ်စွဲထားပါတယ်။

ဒါပေမဲ့ စက်တင်ဘာ ၁၆ ရက်နေ့မှာတော့ သမ္မတ ပက်ဇက်ရှ်ခန်က နိုင်ငံရဲ့ ဘာသာရေး ရဲတွေဟာ လမ်းပေါ်မှာ အမျိုးသမီးတွေနဲ့ အခြေအတင် ငြင်းခုံတာမျိုး ပြဿနာတွေ ဆက်ရှိတော့မှာ မဟုတ်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အီရန်မှာတော့ အမျိုးသမီးတွေဟာ ဆံပင်တွေကို လူမမြင်အောင် ခေါင်းစည်းအဝတ်နဲ့ လုံလုံခြုံခြုံ ဖုံးကွယ်ရမယ် ဆိုတာမျိုး သတ်မှတ်ချက်တွေ ရှိနေပြီး အဲဒီ စည်းမျဉ်းတွေကို လိုက်နာတာ သေချာစေဖို့ ဘာသာရေး ရဲတွေက တာဝန်ယူ စောင့်ကြည့်ကြပါတယ်။

ဘာသာရေး ရဲတွေနဲ့ ပတ်သက်တဲ့ မေးခွန်းကို ခေါင်းစည်းအဝတ် ခပ်လျော့လျော့စည်းပြီး ဆံပင်တချို့ မြင်သာအောင် ပြသထားတဲ့ အမျိုးသမီး သတင်းထောက် တစ်ယောက်က သမ္မတကို မေးခဲ့တာပါ။ အဲဒီအမျိုးသမီးက သူဟာ သတင်းစာ ရှင်းလင်းပွဲဆီအလာ လမ်းမှာ ဘာသာရေး ရဲတွေရဲ့ ဗင်ကားတွေနဲ့ မတွေ့အောင် သတိထား ရှောင်ကွင်းခဲ့ရတယ်လို့လည်း ပြောပါတယ်။

ပက်ဇက်ရှ်ခန်က လမ်းပေါ်မှာ ဘာသာရေး ရဲတွေ ရှိနေသေးတာလားလို့ မေးတဲ့အခါ အမျိုးသမီးက ရှိသေးကြောင်း ပြန်ဖြေခဲ့တဲ့နောက် သမ္မတက အဲဒီရဲတွေက အမျိုးသမီးတွေကို အနှောင့်အယှက် ပေးတော့မှာ မဟုတ်ပါဘူးလို့ ပြောကြားသွားတာ ဖြစ်ပါတယ်။

သမ္မတရဲ့ မှတ်ချက်စကားကို နိုင်ငံရဲ့ အထင်ကရ ရုပ်မြင်သံကြား ဌာနတွေကလည်း ထုတ်လွှင့် ပြသခဲ့ပါတယ်။ ဒါဟာ ဇူလိုင်လမှာ သမ္မတ ဖြစ်လာပြီးတဲ့နောက်ပိုင်း ပက်ဇက်ရှ်ခန်ရဲ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲလည်း ဖြစ်ပါတယ်။

သူဟာ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် သေဆုံးခဲ့တဲ့ သမ္မတ အီဘရာဟင် ရိုင်ဆီရဲ့ နေရာကို ဆက်ခံခဲ့တာ ဖြစ်ပါတယ်။ ပက်ဇက်ရှ်ခန်ဟာ အလယ်အလတ် လမ်းစဉ် ဝါဒီတစ်ဦးအဖြစ် လူသိများပြီး သူ့ရဲ့ ရွေးကောက်ပွဲကြို မဲဆွယ် ကတိတွေမှာတော့ ခေါင်းဆောင်းအဝတ် စည်းမျဉ်း သတ်မှတ်ချက်တွေကို ပြန်လည် ညှိနှိုင်း သတ်မှတ်ပေးဖို့၊ အင်တာနက် သုံးစွဲမှုကို ထိန်းချုပ်တဲ့ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးဖို့ ဆိုတာတွေ ကတိပြုခဲ့ပါတယ်။

အီရန်ဟာ အမီနီ သေဆုံးမှုအပြီး အမျိုးသမီး အခွင့်အရေးအတွက် တက်ကြွ ဆန္ဒပြမှုတွေ စတင်ခဲ့တဲ့ ၂၀၂၂ နောက်ပိုင်း ပြည်တွင်း လူမှုကွန်ရက် မီဒီယာ သုံးစွဲမှုတွေကို တင်းတင်းကျပ်ကျပ် တိုးမြှင့် စောင့်ကြည့်လာခဲ့ပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားကို ဒုံးကျည်တွေ ထောက်ပံ့ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အတူ အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေက အီရန်အပေါ် အရေးယူ ပိတ်ဆို့မှုတွေ ပိုမိုတင်းကျပ်လိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦးသေဆုံးခဲ့ကြောင်း အဆိုပါမြို့နယ်ဒေသခံများက ပြောသည်။

နိုင်ငံတကာ

အီရန်ဟာ ရုရှားအတွက် တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေ ပေးပို့ခဲ့ပြီး အဲဒီ အခြေအနေဟာ ယူကရိန်းအတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်တယ်လို့ အမေရိကန်နဲ့ အနောက်မဟာမိတ် ထောက်လှမ်းရေး အရင်းအမြစ်တွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် ကလေးတစ်ယောက်၏မိခင် အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်သားများက အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံပြည်သူများက လူထုနွေဦးသို့ ပြောကြားသည်။