နှစ်နိုင်ငံကြား စစ်ရေး ပဋိပက္ခတွေ ဆက်လက် မြင့်တက်နေချိန်မှာ ထိုင်းက ကမ္ဘောဒီးယားနဲ့ နယ်စပ် ဧရိယာ တစ်ခုမှာ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။
ဒီဇင်ဘာ ၁၄ ရက်နေ့တုန်းက ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ ထရတ်ပြည်နယ်မှာ ညမထွက်ရ အမိန့်ကို ကြေညာလိုက်တာ ဖြစ်ပါတယ်။ နယ်စပ် စစ်ရေးပဋိပက္ခဟာ ထိုင်းရဲ့ ကမ်းရိုးတန်း ဒေသတွေဆီကိုပါ ပျံ့နှံ့လာတဲ့နောက် အခုလိုမျိုး တင်းကျပ်တဲ့ အစီအမံတွေကို ကျင့်သုံးလာတာ ဖြစ်ပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ဇူလိုင်လကုန်မှာ ၅ ရက်ကြာ စစ်ဖြစ်ပြီး အပစ်အခတ် ရပ်စဲခဲ့ပေမယ့် ဒီဇင်ဘာ ၇ ရက်နေ့မှာ နောက်တစ်ကြိမ် တိုက်ခိုက်မှုတွေ စတင်လာတာ ဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာတော့ ပဋိပက္ခက ပိုမိုရှည်ကြာပြီး ဒုတိယမြောက် သီတင်းပတ်ထဲ စတင်ချဉ်းနင်း ဝင်ရောက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ အပစ်ရပ်ကြလိမ့်မယ်လို့ ကြေညာခဲ့ပေမယ့် လက်တွေ့မှာတော့ တိုက်ပွဲတွေက ရပ်မသွားဘဲ ဆက်ပြီး ပြင်းထန်နေခဲ့ပါတယ်။

Public Service Announcement
ကမ္ဘောဒီးယားဖက်က ပြန်လည် အပစ်ရပ်ဖို့ လိုလားကြောင်း ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ပြောခဲ့ပေမယ့် လက်တွေ့မှာတော့ တိုက်ပွဲတွေက အဆက်မပြတ် ဆက်ဖြစ်နေတယ်လို့ ထိုင်းကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ နောက်တန်း သေနာပတိ ဆူရာဆန့် ကွန်ဆီရီက ညမထွက်ရအမိန့် ကြေညာချိန်၊ ဘန်ကောက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
သံတမန်ရေးအရ ဖြေရှင်းမှုကို ထိုင်းကလည်း လိုလားပေမယ့် အရင်ဆုံး ကမ္ဘောဒီးယားဖက်က ရန်လိုမှုတွေကို ပီပီပြင်ပြင် ရပ်တန့်မှသာ ဆွေးနွေးမှုတွေ ဖြစ်မြောက်လာလိမ့်မယ်လို့လည်း သူက သတိပေးသွားပါတယ်။
ထိုင်းစစ်တပ်ဟာ ဒီဇင်ဘာ ၁၃ ရက်နေ့တုန်းက ကမ္ဘောဒီးယား စစ်တပ်ရဲ့ လက်နက်ကြီးတွေ၊ ခဲယမ်းမီးကျောက်တွေ သယ်ဆောင်ရာမှာ အသုံးပြုတဲ့ တံတားတစ်စင်းကို ဖျက်ဆီးခဲ့သလို ကမ္ဘောဒီးယား ကမ်းရိုးတန်း ပြည်နယ် ခို့ကွန်းမှာရှိတဲ့ လက်နက်ကြီးတွေကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။ ကမ္ဘောဒီးယားကတော့ ထိုင်းဟာ အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားနေတာလို့ စွပ်စွဲထားပါတယ်။
ထိုင်းရဲ့ ညမထွက်ရအမိန့် ထုတ်ပြန်မှုဟာ ထရတ်ပြည်နယ်ထဲက ခရိုင် ၅ ခုကို လွှမ်းခြုံပြီး ကမ္ဘာလှည့် ခရီးသွားတွေကြားမှာ ထင်ရှားတဲ့ ခိုချန်နဲ့ ခိုကွတ်ဒ် ကျွန်းတွေကိုတော့ ကင်းလွတ်ခွင့် ပေးထားပါတယ်။ ညမထွက်ရ အမိန့် ထုတ်ပြန်ထားတဲ့ ကာလဟာ ည ၇ နာရီကနေ မနက် ၅ နာရီထိ အကျုံးဝင်တယ်လို့ သိရပါတယ်။
ကိုးကား: CNA















































