မတ်-၂၀၊၂၀၂၆။ဇော်ရမ်း/People’s Spring
တရားခွင်မှာ တရားသူကြီးတွေ နေ့စဉ်တရားခွင်တက်ရောက်ချိန်တိုင်း ကျမ်းသစ္စာကျိန်ဆိုမှုကိုစစ်ကောင်စီက ပယ်ဖျက်လိုက်ပါတယ်။
ပြည်ထောင်စုတရားစီရင်ရေးဥပဒေပါ တရားသူကြီးတွေနေ့စဉ် တရားခွင်တက်ရောက်ချိန် ကျမ်းသစ္စာကျိန်ဆိုခြင်း၊ ကတိသစ္စာပြုခြင်းကို လုပ်ဆောင်ရမည့်ဥပဒေပုဒ်မ ၂၃ (ဂ) ပုဒ်ခွဲငယ် (၂)ကို ပယ်ဖျက်ကြောင်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့ မတ်လ ၁၉ ရက်မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာပါ။
နေပြည်တော်မှာ ပြီးခဲ့တဲ့ဇန်နဝါရီ ၅ရက်က ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပဥ္စမအကြိမ် ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်းတဲ့ အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့ပြီး

Public Service Announcement
အခုအခါမှာတော့ ဥပဒေအတည်ပြုလိုက်တာဖြစ်ပါတယ်။
ပြည်ထောင်စုတရားစီရင်ရေးဥပဒေရဲ့ ပုဒ်မ ၂၃ ပုဒ်မခွဲ(ဂ)မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဟာ တရားသူကြီးအဖြစ် ရွေးချယ်ခန့်ထားခြင်းခံရသူတွေကို တရားသူကြီးအဖြစ် စတင်တာဝန်ပေးသည့်အချိန်မှာ ကျမ်းသစ္စာသို့မဟုတ် ကတိသစ္စာပြုဖို့ ဆောက်ရွက်ရမယ်လို့ ပြဌာန်းထားပါတယ်။ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၂)မှာတော့ တရားသူကြီးတွေက နေ့စဉ်တရားခွင်မှာ ကျမ်းသစ္စာ(သို့မဟုတ်)ကတိသစ္စာပြုရမယ်လို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။
တရားသူကြီးတွေ ကျမ်းသစ္စာကျိန်ဆိုရတဲ့စနစ်ကို အင်္ဂလိပ်အစိုးရလက်ထက် ၁၈၇၃ကတည်းက စတင်ခဲ့ပါတယ်။ ခေတ်အဆက်ဆက်အသုံးပြုခဲ့ပြီး အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာ ၂၀၀၈ အခြေခံဥပဒေကို မူတည်ပြီး ပြုပြင်ပြောင်းလဲမှုအချို့ လုပ်ခဲ့ပါတယ်။
၂၀၁၀အောက်တိုဘာ ၂၈ ရက်မှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၂၀/၂၀၁၀ ဆိုပြီး ဥပဒေတစ်ရပ် အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
၂၀၁၁မှာ ဦးသိန်းစိန်အစိုးရလက်ထက်က ပထမအကြိမ်ပြင်ဆင်ခဲ့သလို ၂၀၁၃နဲ့၂၀၁၄မှာလည်း ထပ်မံပြင်ဆင်ခဲ့ပါသေးတယ်။ သမ္မတဦးဝင်းမြင့်ဦးဆောင်တဲ့ NLDအစိုးရလက်ထက်မှာတော့ အဲဒီပုဒ်မ ပိုမိုပီပြင်အောင်အကောင်အထည်ဖော်ဖို့ လွှတ်တော်ကနေတဆင့် အဆိုတင်ခဲ့ပြီး စတုတ္ထအကြိမ်ပြင်ဆင်ခဲ့ပါတယ်။
တရားစီရင်ရေးမဏ္ဍိုင်မှာ ပြည်သူနဲ့ တရားရုံးကြား ယုံကြည်မှု ပြန်လည်ရရှိလာစေဖို့နဲ့ အမိန့်ချတဲ့ တရားသူကြီးကိုယ်တိုင် ကျမ်းသစ္စာ ကျိန်ဆိုဖို့ကို ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကအဆိုတင်ခဲ့တာပါ။ ပြည်ထောင်စုတရားစီရင်ရေးဥပဒေရဲ့ ပုဒ်မ ၂၃ ပုဒ်မခွဲ(ဂ)မှာ ပုဒ်မခွဲငယ်(၂)ကို ထပ်ဖြည့်ပြီး တရားခွင်မှာ တရားသူကြီးတွေကျမ်းကျိန်ဖို့ ဥပဒေနဲ့ ကြပ်မတ်ခဲ့တာပါ။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ နေ့စဥ်တရားခွင်မှာကျမ်းကျိန်ရမယ်ဆိုတဲ့သတ်မှတ်ချက်ကိုပါ ဥပဒေထဲကနေဖယ်ရှားပစ်လိုက်တာ ဖြစ်ပါတယ်။
ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၂၃ (ဂ) ပုဒ်ခွဲငယ် (၂) ကို ပယ်ဖျက်ရတာက တရားသူကြီးတွေဟာ နေ့စဉ်တရားခွင်မှာ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုခြင်းမျိုး နိုင်ငံတကာမှာလည်း သတ်မှတ်ထားမှုမရှိသလို တရားရုံးတွေက အမြဲတမ်းတည်ထောင်ထားတာဖြစ်လို့ နေ့စဉ်တရားခွင်တက်တဲ့အချိန်မှာ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရမယ် ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ပယ်ဖျက်လိုက်ရင်
တရားစီရင်ရေးဆိုင်ရာ နေ့စဉ်လုပ်ငန်းတွေကို လျင်မြန်စေမယ်လို့ ဇန်နဝါရီလ ၅ရက်က အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတာပါ။ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါ်သင်းသင်းနွဲ့က စတင်း ဆွေးနွေးခဲ့ပြီး ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလည်းဖြစ်ပြည်ထောင်စုရှေ့နေချုပ်လည်းဖြစ်တဲ့ ဒေါက်တာသီတာဦးက ထောက်ခံ ဆွေးနွေးခဲ့ပါ။၎င်းတို့ ဆွေးနွေးအပြီး ၂လကျော်အကြာမှာ ဥပဒေကိုအတည်ပြုလိုက်တာဖြစ်ပါတယ်။
တရားခွင်မှာ တရားသူကြီးတွေကျမ်းမကျိန်ရတော့ဘူးဆိုရင် အမိန့်ချတာတွေမှာ အဂတိပိုများလာပြီး တရားသူကြီးတွေဟာ ယခင်ကထက် လာဘ်စားကြတော့မယ်လို့ ဥပဒေကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
” တရားရေးလောက ကမောက်ကမဖြစ်မှာ။ အမှုသည်တွေကတော့ တရားသူကြီးတွေကို ပေးရတာနဲ့တင် ဘဝပျက်မှာပဲ” လို့ အငြိမ်းစားတရားသူကြီးတစ်ဦးကပြောပါတယ်။





















































