မတ်-၂၀၊ ၂၀၂၆ ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ပျူစောထီးကျေးရွာအတွင်း စစ်ကောင်စီတပ် စစ်ကြောင်း ရောက်ရှိနေချိန် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ် ပကဖ (COBRA ONE) လက်နက်ကြီးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
မတ်လ ၁၇ ရက် မနက် ၁၀နာရီခွဲခန့်က ပခုက္ကူမြို့နယ်က ပျူစောထီးကျေးရွာတစ်ရွာဖြစ်တဲ့ ရှင်မကန်ကျေးရွာကို ရှော့တိုက်ဒုံး ၃လုံးနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ညနေ ၄ နာရီ မိနစ် ၄ဝ ခန့်ကလည်း ရှော့တိုက်ဒုံး ၄လုံး ထပ်မံပစ်ခတ်ရာ စခန်းပေါ် ကျ မီးလောင်မှုဖြစ်ပြီး ထိခိုက်မှုတွေရှိကြောင်း ပခုက္ကူမြို့နယ် ပကဖ (COBRA ONE) လက်နက်ကြီးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ရှင်မကန်ကျေးရွာမှာ ကမ္မမြို့ပေါ်ကနေ လုယက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ရောက်နေချိန် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိနာလို့ တပ်မ(၁၀၁)က ကား (၂)စီးနဲ့ စစ်ကူလာခဲ့ရတယ်လို့ အထက်ပါ တာဝန်ရှိသူက ဆိုပါတယ်။

Public Service Announcement
“ စကမစစ်ကြောင်း ၇၀ခန့်ရှိပါတယ်။ ကမ္မမြို့နယ် တကြောပက်ပြီးစစ်ကြောင်းထိုး နေတာပါ။ ကန်တော်ရွာသူတို့ အထိုင်စခန်းသွားလိုက်၊ ညောင်ဂျစ်ပင်ရွာအထိုင်သွားလိုက်၊ ကမ္မရဲစခန်းထဲသွားလိုက်နဲ့ ပတ်မွှေနေတာပါ။” လို့ COBRA ONE လက်နက်ကြီးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် မတ်လ ၁၈ ရက် နေ့လယ် ၁ နာရီခွဲခန့်ကလည်း နောက်ထပ် ပျူစောထီးရွာဖြစ်တဲ့ အနောက်မကျီးကန်ကျေးရွာကို စစ်တပ်က အစည်းအဝေးလုပ်မယ် သတင်းရတာကြောင့် ရှော့တိုက်ဒုံး (၃)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာဘေး ကျရောက်ပေါက်ကွဲတယ်လို့ ပခုက္ကူမြို့နယ် ပကဖ (COBRA ONE) လက်နက်ကြီးတပ်ဖွဲ့က ဆိုပါတယ်။
အခုတော့ ရှင်မကန်ရွာက ပျူစောထီးတွေဟာ အောင်သာကျေးရွာဘက်ကို ထွက်ပြေးသွားကြပြီလို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို ပခုက္ကူမြို့နယ် ပကဖ (COBRA ONE) လက်နက်ကြီးတပ်ဖွဲ့ နဲ့ ဧရာဒေါင်းတပ်ဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ပခုက္ကူမြို့နယ်က ပျူစောထီးကျေးရွာတွေဟာ ကျေးရွာတွေကလာတဲ့ပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာ၊ ကုန်ကားတွေကို အဓမ္မငွေတောင်းတာ၊ စစ်ကောင်စီတပ်နဲ့လိုက်ပြီး စစ်ကြောင်းထိုးမီးရှို့တာတွေ ပြုလုပ်နေလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက မကြာခဏ တိုက်ခိုက်နေကြတာဖြစ်ပါတယ်။





















































