ဒီဇင်ဘာ-၈၊၂၀၂၅။ သုည/People’s Spring
တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး စစ်ကောင်စီ ရွေးကောက်ပွဲကိုဆန့်ကျင်ကန့်ကွက်တဲ့” နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြပွဲ” ကို ဒီကနေ့ (ဒီဇင်ဘာ ၇) မှာ ပြုလုပ်ခဲ့ပါတယ်။
ယင်းဆန္ဒပြပွဲကို ကိုရီးယားနိုင်ငံရှိ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) မှ တာဝန်ယူပြီး NUG တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး၊ စစ်အာဏာ
သိမ်းမှုဆန့်ကျင်ရေးကော်မတီ တို့ အပါအဝင် တော်လှန်ရေးအဖွဲ့ ၃၉ ခု ပါဝင်သည့် “ စစ်အုပ်စု ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီ” တို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။

Public Service Announcement
အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တောင်ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း မှ အဖွင့်စကားပြောခဲ့ပြီး (MFDMC)မှ ဒုဥက္ကဌ ဦးဘုန်းနိုင်၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ ပူးတွဲဥက္ကဌ ဦးဝင်းပေါ်မောင်တို့မှ တော်လှန်ရေးအားပေးစကားနဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေးဆိုင်ရာများကို ပြောကြားခဲ့ပြီး ၊ MFDMC အတွင်းရေးမှူးကော်မတီနှင့် စည်းရုံးရေးတာဝန်ခံတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတာဝန်ခံတွေက ရွေးကောက်ပွဲဆန့်ကျင်ရေး၊ တော်လှန်ရေး အားပေးစကားတွေ ပြောခဲ့ပါတယ်။
MFDMC နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက မြန်မာပြည်သူလူထုတရပ်လုံးက စစ်တပ်ရဲ့ ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင် ကန့်ကွက် တိုက်ဖျက်ကြဖို့ အလေးအနက် တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲကို ပြတ်သားစွာရှုတ်ချပေးရန်နဲ့ ရွေးကောက်ပွဲမှ ထွက်ပေါ်လာတဲ့ မည်သည့်ရလဒ်၊ မည်သည့်အစိုးရကိုမျှ လုံးဝအသိအမှတ်မပြုဘဲ ဆန့်ကျင် ကန့်ကွက်ရန်လည်း ကိုရီးယားအစိုးရနဲ့ပြည်သူတွေထံသို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။




















































