ဧပြီ-၁၆၊၂၀၂၅။ခွာညို/People’s Spring
MNDAA တပ်ဖွဲ့ဝင်များက လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)မှစစ်သုံ့ပန်းများကိုပါ ခေါ်၍ လားရှိုးမြို့မှ ဆုတ်ခွာနေကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။
“ကားတွေနဲ့ ထွက်နေတာ။ထူးခြားတာက စစ်သုံ့ပန်းတွေကိုပါခေါ်သွားတာ။ဒါကို စကစက မကျေနပ်ဘူးလို့ကြားတယ်။ဘာဆက်ဖြစ်မလဲ မသိသေးဘူး”ဟုဒေသခံတစ်ဦးကပြောသည်။
MNDAAတပ်ဖွဲ့ဝင်များသည်ပြီးခဲ့သည့်မတ်လမှစ၍လားရှိုးမြို့မှ ဆုတ်ခွာနေခြင်းဖြစ်ပြီး ယခုရက်ပိုင်းတွင် အပြီးသတ်ထွက်ခွာသွားသည့်အနေအထားတွေ့မြင်ရကြောင်း ဒေသခံများကပြောသည်။

Public Service Announcement
“MNDAAရဲဲ့ လားရှိုးသတင်းထုတ်ပြန်ရေးအဖွဲ့တောင် လောက်ကိုင်ကိုရောက်သွားပြီ”ဟုလားရှိုးမြို့ခံတစ်ဦးကပြောသည်။
MNDAAက စစ်သုံ့ပန်းများကိုခေါ်ဆောင်သွား၍ စစ်ကောင်စီကလက်တုန့်ပြန်နိုင်ကြောင်း ရှမ်းမြောက်သတင်းရင်းမြစ်အချို့က ပြောသည်။
လားရှိုးမြို့ရှိ ရမခသိမ်းတိုက်ပွဲ၌ တိုင်းမှူးဗိုလ်ချုပ်စိုးတင့်၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ်မျိုးမင်းထွေး၊ ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးတို့အပြင် စစ်သုံ့ပန်းအများအပြားကို MNDAAကဖမ်းဆီးခဲ့သည်။စစ်သုံပန်းအချို့ကို အသုတ်လိုက်ပြန်လွှတ်ပေးခဲ့သော်လည် တိုင်းစစ်ဌာနချုပ်အဆင့် အရာရှိများကို ပြန်လွှတ်မပေးခဲ့ပေ။
MNDAA ကိုစစ်ကောင်စီနှင့် ဆွေးနွေးရန်နှင့် လားရှိုးမြို့မှဆုတ်ခွာပေးရန်တရုတ်နိုင်ငံက ဖိအားပေးခဲ့ခြင်းဖြစ်သည်။MNDAA က မြို့ပေါ်ရပ်ကွက်များကဆုတ်ပေးသော်လည်း ပတ်ပတ်လည်ရှိကျေးရွာများတွင် ဆက်လက်တပ်စွဲထားမည်ဟုသိရသည်။
“ဘာမှ ပြောလို့မရတဲ့အခြေအနေမှာလုံခြုံရေးကိုလည်းသတိပြုနေကြရမှာဖြစ်တယ်”ဟုမြို့ခံတစ်ဦးကပြောသည်။
ထူးခြားဖြစ်စဉ်အနေဖြင့် MNDAAတပ်ဖွဲ့ဝင်များယနေ့ဆုတ်ခွာနေစဉ် လားရှိုး၊ မူဆယ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်အချို့တွင် စစ်ကောင်စီရဟတ်ယာဉ်ပျံသန်းမှုများရှိခဲ့သည်။
လက်ရှိအခြေအနေများနှင့်ပတ်သက်၍စစ်ကောင်စီကရော MNDAAကပါ တရားဝင် သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။
MNDAAသည် ပြီးခဲ့သည့်ရက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းတိုက်ပွဲများကြောင့် ပျက်စီးခဲ့သည့် လားရှိုးမြို့မှ နေအိမ်များအား ငွေသားထောက်ပံ့ခြင်း၊ တိုက်ပွဲအတွင်းကျဆုံးခဲ့သည့် တပ်ဖွဲ့ဝင်များအား သူရဲကောင်းဘွဲ့နှင့်ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခြင်းများပြုလုပ်ခဲ့သည်။ ထို့အပြင် ဧပြီလ ၁၀ရက်ကလည်း လားရှိူးမြို့တွင်ရာဇဝတ်မှုစီရင်ခြင်းအခမ်းအနားကို MNDAA က ပြုလုပ်ခဲ့သည်။ထိုအခမ်းအနားတွက် ရာဇဝတ်မှုကျူးလွန်သူအချို့ကို သေဒဏ်ပေး၍ ပြည်သူများကြားဝေဖန်မှုအချို့ရှိခဲ့သည်။
