စံချိန်တင်ကမ္ဘာ့ရွှေစျေးကြောင့် ပြည်တွင်းရွှေစျေးတစ်ကျပ်သား တစ်သိန်းကျော်အထိတက်လာကြောင်း ပြင်ပရွှေအရောင်းအဝယ်စျေးကွက်မှ သိရသည်။
ရွှေဈေးသမိုင်းတွင် ပထမဆုံးအကြိမ် ၁အောင်စလျှင် ၃,၀၀၄ ဒေါ်လာသို့ ရောက်ရှိလာပြီး ပြည်တွင်း ရွှေစျေးကွက်မှာလည်း ၆၆သိန်းဝန်းကျင်မှ ၆၇သိန်းသုံးသောင်းအထိ တက်လာခဲ့ခြင်းဟု ဆိုသည်။
” ဒီတစ်ပတ်ကမ္ဘာ့ရွှေစျေးကွက် အဖွင့်စျေးက တစ်အောင်စကို ၂၉၀၈ ဒေါ်လာနဲ့ စတယ်။ဒီကြားထဲမှာ သောကြာနေ့မနက်ပိုင်းက ၃၀၀၄ ဒေါ်လာနဲ့ အမြင့်ဆုံး ဖြစ်တယ်။ညနေပိုင်းမှာ ၂,၉၈၆ ဒေါ်လာနဲ့ စျေးကွက်ပိတ်သွားတယ်။ကမ္ဘာ့ရွှေစျေးကွက်က စနေ၊တနင်္ဂနွေပိတ်တယ်။ဒါပေမယ့် ဒီမနက်(မတ်လ ၁၅ ရက်) ပြည်တွင်းရွှေစျေးကွက်မှာက တစ်ကျပ်သား ၃၀,၀၀၀လောက်ထက်တက်နေတာတွေ့ရတယ်”ဟု ရွှေစျေးကွက် စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။

Public Service Announcement
ကမ္ဘာ့ရွှေစျေးသည် နိုင်ငံတကာအခင်းအကျင်းများ ပေါ်တွင်မူတည်၍ စံချိန်တင်စျေးတန်းပေါ်လာပြီး အထူးသဖြင့် ယူကရိန်းနိုင်ငံကို အခြေခံသည့် အမေရိကန်-ရုရှားအရေးနှင့် အမေရိကန်၊တရုတ်နှင့် ဥရောပသမဂ္ဂနိုင်ငံများအကြား အခွန်စည်းကြပ်မှု အားပြိုင်မှုကြောင့်ဟု နိုင်ငံတကာစီးပွားရေးသတင်းများတွင် ဖော်ပြသည်။
“လာမယ့် တနင်္လာနေ့ (မတ်လ ၁၇ ရက်) ကမ္ဘာ့ရွှေစျေး တန်းမှာ တစ်အောင်စ ၂,၉၆၀ လောက်နဲ့ စလာနိုင်တယ်။အတက်ဘက်ပဲ ဦးတည်နေပါလိမ့်မယ်။စျေးကွက် တစ်ခုလုံးကပြောင်းမပြန်ဖြစ်နိုင်မယ့် လက္ခဏတော့ မရှိနိုင်ဘူး”ဟု ကမ္ဘာ့ရွှေစျေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
ထို့အပြင် ပြည်တွင်းရွှေစျေးမှာလည်း ကမ္ဘာရွှေစျေး နှင့်အတူ မြင့်တက်လာနိုင်ကြောင်းလည်း ၎င်းက အ သိပေးသည်။
“ပုံမှန်ဆိုရင် တစ်အောင်စ ဒေါ်လာ ၁၀၀တက်ရင် ပြည်တွင်းမှာက တစ်ကျပ်သား ၂၅၀,၀၀၀ လောက် တက်ရမယ့်အနေအထားပေါ့။အခုက တစ်သိန်းကျော်ပဲ တက်သေးတယ်။ဒီ့ထက်ထပ်တက်ဖို့ရှိနိုင်သေးတယ်”ဟု ၎င်းက ဆက်ပြောသည်။
ယနေ့ (မတ်လ ၁၅ရက်) ညနေပိုင်းအထိ ပြင်ပရွှေစျေးကွက်အရ အခေါက်ရွှေတစ်ကျပ်သား ရောင်စျေး ၆,၇၃၀,၀၀၀ကျပ်နှင့် ဝယ်စျေး ၆,၆၉၀,၀၀၀ ကျပ် ရှိနေသည်။၁၅ ပဲရည်တစ်ကျပ်သားရောင်းစျေးသည် ၆,၃၃၀,၀၀၀ ကျပ် နှင့် ဝယ်စျေး ၆,၂၉၀,၀၀၀ကျပ် ဖြစ်သည်။
စစ်ကောင်စီ၏ ရွှေလုပ်ငန်းရှင်အသင်း၏ သီး ခြားသတ်မှတ်စျေးအရ ၁၆ ပဲရည်တစ်ကျပ်သား ၅,၄၈၀, ၀၀၀ ကျပ်သာရှိသည်။ အဆိုပါစျေးဖြင့် ရွှေဆိုင်များ ရောင်းဝယ်ရန်သတ်မှတ်ထားသော်လည်း အများစုမှာ အရောင်းမရှိဘဲ အဝယ်သာ လက်ခံကြသည်။

















































