လောင်းလုံးမြို့နယ် ရဲစခန်း၊ ထွေအုပ်ရုံး၊ စရဖရုံးတို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက စီးနင်းတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) ကထုတ်ပြန်သည်။
မတ် ၈ ရက် နံနက် ၆နာရီမှ နေ့လည် ၁၂နာရီ အထိလောင်းလုံးမြို့နယ် ရဲစခန်း၊ ထွေအုပ်ရုံး၊ စရဖရုံးတို့ကို PDF ပူးပေါင်းတပ်များကတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီက ရေတပ် စစ်သင်္ဘောမှ လက်နက်ကြီးပစ်ကူပေးသလို ထား၀ယ်မြို့ပေါ် အကောက်ခွန်ဆိပ်ကမ်းမှလည်း လက်နက်ကြီးပစ်ခတ်ခဲ့သည်ဟုဆိုသည်။
“စခန်းသိမ်းတိုက်ပွဲပဲ။ နာရီနဲ့ချီပြီးတိုက်ပွဲဖြစ်တာ။ စစ်တပ်ဘက်က ဒီနေ့အထိ ရမ်းပစ်နေတုန်းပဲ” ဟု မြေပြင်မှ PDF တဦးကပြောသည်။

Public Service Announcement
အဆိုပါ စစ်ဆင်ရေးကို ထား၀ယ်ခရိုင်တပ်ပေါင်းစုနှင့် နွေဦးပြောက်ကျားတပ်ဖွဲ့၊ ကျောင်းသားဝောာ်လှန်ရေးတပ်ဖွဲ့ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။တော်လှန်ရေးရဲဘော်များအားလုံး ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း LLPDF က အသိပေးထားသည်။
ထားဝယ်ခရိုင်တပ်ပေါင်းစုနှင့် ပူးပေါင်းတပ်များသည် ၂၀၂၄ ခုနှစ် ၊ဒီဇင်ဘာလကလည်း လောင်းလုံးမြို့နယ်ကျောက်နီမော်ကျေးရွာမှ စစ်ကောင်စီစခန်းများကို စီးနင်းတိုက်ခိုက်ခဲ့သည်။ စခန်းတခုအား သိမ်းပိုက်နိုင်ခဲ့ပြီးအမှတ် (၄၀၅) ခြေလျင်တပ်ရင်း (ခမရ၄၀၅) တပ်ရင်းမှူးအပါအဝင် ၄၀ဦးနှင့်အထက် သေဆုံးခဲ့သည်။ ထိုအပြင်ခမရ(၄၀၃)တပ်ရင်းမှူးအပါအဝင် ပျူစောထီးနှင့်စစ်ကောင်စီတပ်သားအများအပြားဒဏ်ရာရရှိခဲ့သည်။
ထားဝယ်ခရိုင်တပ်ပေါင်းစုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း ၊ အမှတ်(၂)တပ်ရင်း ၊ ထားဝယ်၊ လောင်းလုံး၊သရက်ချောင်း၊ ရေဖြူမြို့နယ်ပကဖများ ပူးပေါင်း၍ ၂၀၂၄ခုနှစ်အောက်တိုဘာလကဖွဲ့စည်းခဲ့သည်။ထိုနောက် ပူးပေါင်းစစ်ရေးများဖော်ဆောင်နေခြင်းဖြစ်သည်။
