မင်းညို/People’s Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီရဲ့ စက်တပ်လေထီး (Paramotor) နှစ်စီးကို ပွိုင့်ဖိုက်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ လေထီးမောင်းသူတဦး ပေါင်ကျည်ထိသွားတယ်လို့ မြိုင်ပကဖအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီကနေ့ မတ်လ(၅)ရက် မနက်ပိုင်းက မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ – ၂၂ )ကနေ တက်လာတဲ့ Paramotor စက်တပ်လေထီး(၂) စီးကို မြိုင်၊ပေါက်၊ကမ္မ ပကဖ စုဖွဲ့မှုတပ်ကနေ မနက် ၉ နာရီခွဲဝန်းကျင်မှာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ Paramotor မောင်းသူ စစ်သား(၁)ဦး ပေါင်ကျည်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိသွားလို့ ဖြတ်တောက်ရမယ်လို့ အတွင်းသတင်းရတဲ့အကြောင်း မြိုင်ပကဖအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
https://www.facebook.com/reel/828709772762311

Public Service Announcement
“ပျက်ကျသွားတာတော့ မရှိဘူး။ ပေါင်မှာထိသွားတယ်လို့ သိရတယ်။ စက်တပ်လေထီးမောင်းတဲ့သူက အောင်ဇင်ဖြိုးတဲ့။ ကျွန်တော်တို့ အဲလောက်ပဲ သိရတယ်။”လို့ မြိုင်ပကဖ တာဝန်ရှိသူက ဆိုပါတယ်။
စစ်တပ်လေထီးသမား ကျည်ထိ၊မထိကို People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းတော့မရှိပါဘူး ။ မြိုင် ပကဖ ထုတ်ပြန်တဲ့ ရုပ်သံဖိုင်မှာ စစ်တပ်ရဲ့စက်တပ်လေထီးကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်နေကြတာကိုတွေ့ရပါတယ်။
ကပစ (၂၂ ) နဲ့ ကပစ (၄၄)မှာ စက်တပ်လေထီးတွေ ရောက်နေတာနည်းနည်းကြာနေပြီဖြစ်ပြီး မတ်လ ၅ရက်မှာတော့ ရဲဘော်တွေက ပွိင့်ဖိုက်နဲ့ပစ်ခတ်တိုက်လိုက်ခဲ့တာလို့ တာဝန်ရှိသူကပြောပါတယ်။
စက်တပ်လေထီး (၁) စီးက စက်လက်နဲ ပြန်လည်ပစ်ခတ်ခဲ့ပြီး နောက်(၁) စီးကတော့ ဆက်မပျံတော့ဘဲ ကပစ(၂၂) အတွင်း ပြန်ဆင်းသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ တော်လှန်ရေးအားကောင်းတဲ့နယ်မြေတွေမှာ လေကြောင်းနဲ့တင်မကဘဲ စက်တပ်လေထီးတွေနဲ့ပါ ဗုံးကျဲတိုက်ခိုက်လို့ ပြည်သူထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၂၅ ရက်က ပေါက်နဲ့မြိုင်မြို့နယ်အစပ်က ပေါက်မြို့နယ်၊ ဆုံကုန်းရွာမင်္ဂလာဆောင်ကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၂ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် မတ်လ ၃ ရက်နေ့ကလည်း မြိုင်နဲ့ ပေါက်မြို့နယ် ကြားက ကျေးရွာတွေကို ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၅ ဦးသေဆုံးပြီး ၂၀ ခန့်ဒဏ်ရာရခဲ့ပါသေးတယ်။
