မရပ်တန့်ပါက ပြင်းထန်စွာအရေးယူမည်ဟု တနင်္သာရီတိုင်း ပကဖ သတိပေးစာထုတ်
လောင်းလုံးမြို့နယ်ရှိ ယာဥ်ကျေးမှုထိန်းသိမ်းရေးဇုန်အဖြစ်သတ်မှတ်ထားသော သာဂရမြို့ဟောင်းရှိ မြို့ရိုးများကို လက်နက်ကိုင်လူတစ် စုက စက်ရန္တယားများသုံးကာ ဖြိုချဖျက်ဆီးနေသည်ကိုတွေ့ရပြီး ယင်းလုပ်ရပ်အား ရပ်တန်းကမရပ်ပါက ပြင်း ထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖေဖော် ဝါရီလ ၁၆ ရက်နေ့တွင်သတိပေးချက် ထုတ်ပြန်သည်။

သာဂရမြို့ဟောင်းသည် လောင်းလုံးမြို့နယ်၊ မြို့ဟောင်းကျေးရွာအနီးတည်ရှိပြီး ထားဝယ်လူမျိုးတို့၏ ယဥ်ကျေးမှုအမွေအနှစ် ရှေးမြို့ဟောင်းတစ်ခုဖြစ်ကာ ၂၀၁၂ ခုနှစ်တွင် ယင်းမြို့ဟောင်းနေရာအားယဥ်ကျေးမှုကာကွယ်ရေးဇုန်အဖြစ် သတ်မှတ်ခံရသည့်နေရာဖြစ် ကြောင်း ဖော်ပြသည်။

Public Service Announcement
“ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီးကျနော်တို့ရဲဘော်တွေ မျက်မြင်ရောဓါတ်ပုံမှတ်တမ်းတွေရော လက်ခံရရှိတဲ့အတွက် အခုဒီစာ(သတိပေး ချက်)ကို ထုတ်ပြန်လိုက်တာပါ”ဟု တနင်္သာရီ တိုင်း ပကဖ မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် HBD က လူထုနွေဦးသို့ ပြောသည်။
အဆိုပါ သာဂရမြို့ဟောင်းနယ်မြေတွင်လက်နက်ကိုင်လူတစ်စုက မြေအကွက်ရိုက်ရောင်း ချမှုများရှိနေသည်ဟု ဒေသခံများက ပြောဆိုကြကာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကလည်း မြို့ ရိုးနှင့်ကပ်လျက်ကျုံးနေရာကိုမြေဖို့ကာ အကွက်ရိုက်ရောင်းချမှုအချို့ရှိခဲ့သည်ဟု ဒေသ ခံများက ပြောသည်။
“သာဂရမြို့ဟောင်းကိုဖြိုချပြီး အကွက်ရိုက်ရောင်းကြတာ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေကြတာလည်း များနေပြီ။ တိုင်းစစ်ဒေသရဲ့ ဒီထုတ်ပြန်ချက်ကိုတော့ အတော်ကြိုက်နေပြီ။ဘယ်ကောင်မှ ဂရုမစိုက်ဘူးဆိုတဲ့အပေါက်တွေနဲ့ လုပ်နေကြတာ”ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။
ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မှတ်တမ်းများအရသာဂရမြို့ဟောင်းသည်မြို့ရိုး(၃)ထပ်ပါရှိပြီးမြို့ရိုး၏အရှည်မှာ အရှေ့နှင့် အနောက် တစ်မိုင်ခန့်ရှိ၍ တောင်နှင့် မြောက် မိုင်ဝက်ကျော်ရှိသည်။ အလားတူ မြို့ဧရိယာမှာ ဧက ၂၆၀ ခန့်ကျယ် ဝန်း၍ အတွင်းမြို့ရိုးဧရိယာမှာ ဧက ၁၃၀ ခန့်ရှိကြောင်းရှေးဟောင်းသုတေသနမှတ်တမ်းများအရ သိရသည်။
“ဘယ်အဖွဲ့ကပဲဖြစ်ဖြစ်အဲလိုယဥ်ကျေးမှုအမွေအနှစ်ကို ဖျက်ဆီးလာရင်တော့ ကာကွယ်ထိန်းသိမ်း စောင့်ရှောက် အရေးယူသွားမယ်”ဟု တနင်္သာရီတိုင်း ပကဖ မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် HBD က ပြောသည်။
တနင်္သာရီတိုင်းပကဖ ၏သာဂရမြို့ဟောင်းယဥ်ကျေးမှုကာကွယ်ရေးဇုန် သတိပေးထုတ်ပြန်ချက်အရ မြို့ရိုးအားဖျက်ဆီးနေခြင်းနှင့်စပ်လျဥ်း၍ လက်နက်ကိုင်လူတစ်စုဟုသာ ဖော်ပြထားပြီးမည်သည့်အဖွဲ့အစည်းဖြစ် ကြောင်း တိတိကျကျဖော်ပြထားသည်ကို မတွေ့ရပေ။
သာဂရမြို့ဟောင်း တူးဖော်မှုကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲမှ ၂၀၀၀-၂၀၀၁ ဘဏ္ဍာရေးနှစ်တွင် ကုန်းအမှတ်(၁)နှင့် (၂)အား ပထမအ ကြိမ်တူးဖော်ခဲ့ပြီး ကုန်းအမှတ်(၃)နှင့် (၄)အား ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ထားဝယ်ဌာနခွဲမှ တူးဖော်ခဲ့သည်။
အထက်ပါ သာဂရမြို့ဟောင်းကို မြန်မာသက္က ရာဇ် ၁၁၃ ခုနှစ် ခရစ္စသက္ကရာဇ် ၁၇၅၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြောင်း ရှေ့ဟောင်းယဥ်ကျေးမှုနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။
