ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ရဲ့ အနီးတဝိုက်ကျေးရွာ တွေ လက်နက်ကြီး ပစ်ခတ်ခံရတာနဲ့ လေကြောင်းတိုက်ခိုက်ခံရတာတွေကြောင့် ဒေသခံတွေဟာ သံလွင်မြစ် တဖက်ကမ်း လှိုင်းဘွဲမြို့နယ်ထဲက မြိုင်ကြီးငူ ဒေသဘက်ဆီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်ကစတင်ပြီး ကမမောင်းမြို့အနီးတဝိုက်က ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ခိုက်လာတာပါ။
ယခုရက်ပိုင်းအတွင်း KNU တပ်ဖွဲ့ဝင်တွေ ကမမောင်းမြို့ အနီး ကိုချဉ်းကပ်လာနေတယ်ဆိုပြီး ကမမောင်းမြို့က စစ်တပ်ဗျုဟာ ကနေ နေ့စဉ်နီးပါး လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ပြုလုပ်နေတာလို့သိရပါတယ်။

Public Service Announcement
ဖေဖော်ဝါရီ ၁၅ ရက်ညပိုင်း က ကမမောင်းမြို့ အနောက်ဘက် မီးဇိုင်းတောင် အနီးက ရွာတွေ ဘက်ဆီ လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်လာလို့ ဒေသခံတွေထွက်ပြေးခဲ့ရတယ်လို့ ကမမောင်း ဒေသခံက ပြောပါတယ်။
ကမမောင်းနဲ့အနီးဝန်းကျင်ရွာတွေက ဒေသခံ တွေဟာ သံလွင်မြစ် တဖက်ကမ်း လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူ ဒေသထဲ သွားရောက် တိမ်း ရှောင်နေကြပြီး အချို့ ကတော့ ဘားအံမြို့ပေါ် ခိုလှုံ နေကြရတယ်လို့သိရပါတယ်။
ကမမောင်းမြို့ဟာ ကရင်ပြည်နယ်မြို့တော် ဘားအံနဲ့ ဖာပွန်ကားလမ်းကြောင်းပေါ်မှာရှိတာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကတော့ ကမမောင်းနဲ့ မိုင် ၂၀ ခန့်အကွာက ကတိုင်တိ စခန်းကို KNU နဲ့ပူပေါင်းတပ်က ဝင်ရောက်ရှင်းလင်းနိုင်ခဲ့ပြီး ကမမောင်းကိုစစ်ရေးအရခြိမ်းခြောက်လာနို်င်ပါတယ်။
ကမမောင်းမှာ စစ်တပ်က ဗျုဟာ တစ်ခု အခြေစိုက်ထားပါတယ်။
ကမမောင်း စစ်ဗျုဟာကိုလည်း KNU နဲ့ ပူးပေါင်းတပ်က ဝင်ရောက် တိုက်ခိုက်တော့မယ်လို့သတင်းတွေ ထွက်နေချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာပါ။
