ရဲခေါင်/People’s Spring
ကရင်နီပြည်နယ်အတွင်း ဝင်ထွက်သွားလာမှုကို စိစစ်မည့် အရေးပေါ်စီမံချက်ကို စတင်အကောင် အထည်ဖော်နေကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူးဦးဗညားက လူထုနွေဦးသို့ ပြောသည်။
ကရင်နီပြည်နယ်လုံခြုံရေး၊ ခရီးသွားပြည်သူလုံခြုံရေးနှင့် စနစ်တကျသွားလာနိုင်ရေးအတွက် ကရင်နီပြည်နယ်သားမဟုတ်သည့် ခရီးသွားပြည်သူလူထုများအား ဝင်ထွက်သွားလာခွင့်ကတ်ပြားဖြင့် ကရင်နီပြည်နယ် ဝင်၊ ထွက်ခွင့်ပြုလုပ်မည်ဟု ဆိုသည်။

“ကျွန်တော်တို့ IEC လက်အောက်မှာက လဝကနဲ့ပတ်သက်လို့ ဌာနခွဲတစ်ခုရှိတယ်။သူတို့ကနေ ပြည် နယ်တစ်ခုလုံးမှာရှိတဲ့ အချက်အလက်တွေကိုစုစည်းပြီး လုပ်နေတာရှိတယ်။အဲဒီထဲမှာမှ ပြည်နယ် အတွင်းမှာရှိနေတဲ့သူတွေတင်မကဘဲ အခြားပြည်နယ်၊နဲ့နိုင်ငံ ခြားဘက်ကနေ ဝင်လာတဲ့သူတွေကို ပိုပြီးတော့မှ စနစ်တကျဖြစ်အောင် အချက်အလက်တွေရရှိနိုင်အောင် ရည်ရွယ်ချက်ရှိပါတယ်။လုံခြုံရေးကိစ္စလည်းပါ ပါတယ်။အဲဒါကို အရေးပေါ်စီမံချက်ထားပြီး လုပ်နေတာ ရှိပါတယ်။ဒီစီမံချက်အရ ဝင်ထွက်ခွင့်ကတ်ကို ကနဦးအသိပေးတာပါ”ဟု ဦးဗညားက ပြောသည်။

Public Service Announcement
အရေးပေါ်စီမံချက်အရ ဝင်ထွက်သွားလာခွင့် ကတ်ပြားသည် ပြည်နယ်အတွင်းအကြောင်းမျိုးစုံဖြင့် ဝင်ထွက်သူများစာရင်းကိုကောက်ယူခြင်း၊ပြည်နယ် အတွင်းရှိသူများ၏ စိတ်ပိုင်း၊ရုပ်ပိုင်း လုံခြုံမှုကို အာမခံပေးခြင်းနှင့်ကတ် ပြားကိုင်ဆောင်ထားသူကို တာဝန်ရှိသူများကို အကူအညီပေးနိုင်ရန် ရည်ရွယ်ကြောင်း အသိပေးသည်။
“ဒလန်တွေ စိမ့်ဝင်နေတယ်လို့ကြားတယ်။တပ်ဖွဲ့ တွေ တအားသိုသိပ်ရတယ်။ဒါပေမယ့် တော်လှန်ရေးကာလ အစ ပြည်နယ်မှာ လာရောက်နေထိုင်တဲ့သူတွေအားလုံးအတွက် အထူးအခွင့်အရေးပေးရမှာလို့တော့မြင်တယ်။ဟိုမရောက်ဒီမရောက် ဖြစ်နေတဲ့ ဒလန်(သတင်းပေး)တွေအတွက် ဒီလုပ်ဆောင်ချက်ဟာ အကျိုးသက်ရောက်မှုရှိပါလိမ့်မယ်”ဟု ကရင်နီ ပြည်နယ်ဒေသခံတစ်ဦးက ပြောသည်။
ဝင်ထွက်သွားလာခွင့်ကတ်ပြား ကိုင်ဆောင်ရန်စည်းကမ်းချက်အရ နှစ်ရှည် ကရင်နီပြည်နယ်တွင်းနေထိုင်သူများနှင့် သက်ဆိုင်မည်မဟုတ်ဘဲ ၎င်းတို့အတွက်ကိုမူ နေထိုင်ခွင့်အတွက်သီးခြားစီစဥ်မှုရှိကြောင်းလည်း IEC အတွင်းရေးမှူးက ဆိုသည်။
ကရင်နီပြည်နယ်သို့ လာရောက်သူအနေဖြင့် ပြည်နယ်ခြားဖြတ်သန်းခွင့်ကတ်ကို လွှဲပြောင်းကိုင်ဆောင်ခြင်းနှင့် ကတ်မရှိဘဲ ကယားပြည်နယ်အတွင်း သွားလာခွင့်ပြုမည်မဟုတ်ကြောင်းလည်း ဝင်ထွက်ခွင့်ကတ်၌ ဖော်ပြထားသည်။
ထို့အပြင် ကတ်ပြားသည် ကရင်နီပြည်တွင် နေထိုင်ခွင့်လက်မှတ်မဟုတ်ဘဲ ကရင်နီပြည်နယ်မှ ထွက်ခွာသည့်အခါ မပျက်မကွက် ပြန်လည်အပ်နှံရမည်ဖြစ်ပြီး အသက် (၁၀)နှစ်ကလေးများ ကိုင်ဆောင်ရန်မလိုကြောင်းလည်း သိရသည်။
