close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေးကိစ္စအား ပိုမိုအလေးထား အာရုံစိုက်ဖြေရှင်းသင့်ဟု နိုင်ငံတကာအား သံအမတ်ကြီးဦးကျော်မိုးထွန်း တိုက်တွန်း

ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသော (၆၃) ကြိမ်မြောက် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်အစည်းအဝေး၌ မြန်မာသံအမတ်ကြီး မိန့်ခွန်းပြောကြားနေစဥ်။ ဓာတ်ပုံ - မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး

လီလီယန်/People’s Spring

မျက်မှောက်အခြေအနေများအရ မြန်မာနိုင်ငံတွင် ပြည်သူများအတွက် လူမှုလုံခြုံရေးလုံးဝ မရှိဘဲ နိုင်ငံတကာအသိုက်အဝန်းက မြန်မာ့အရေးကိစ္စအား ပိုမိုအလေးထား အာရုံစိုက်ဖြေရှင်းသင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားသည်။

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပလျက်ရှိသော (၆၃) ကြိမ်မြောက်လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်အစည်းအဝေးတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာ သိမ်းမှုကြောင့် စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များကိုသော်လည်းကောင်း၊ ပြည်တွင်း၌ လူမှုတရားမျှတမှုအား ခိုင်မာစေရေးအတွက်ကိုသော်လည်းကောင်း လုပ်ဆောင်နိုင် ခြင်း မရှိကြောင်း အစီရင်ခံသည်။

ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသော (၆၃) ကြိမ်မြောက် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်အစည်းအဝေး၌ မြန်မာသံအမတ်ကြီး မိန့်ခွန်းပြောကြားနေစဥ်။ ဓာတ်ပုံ – မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး

စစ်တပ်က မတရား စစ်အာဏာသိမ်းခဲ့ချိန်မှစ၍ အပြစ်မဲ့ အရပ်သားပြည်သူများအပေါ် ရက်စက် ကြမ်းကြုတ်မှုများနှင့် လူမဆန်သော ရာဇဝတ်မှုများ ကျူးလွန်ခြင်းကို အရှိန်မြှင့်တင်လုပ်ဆောင်ခဲ့ပြီး စစ်တပ်အနေဖြင့် တိုက်ခိုက်ရာတွင်လည်း အရပ်သားပြည်သူများနှင့် ဆေးဘက်ဆိုင်ရာ အဆောက်အဦများနှင့် စာသင်ကျောင်းတို့အပါအဝင် အခြေခံ အရပ်သား အဆောက်အအုံ များအား ပစ်မှတ်ထားခဲ့ကြောင်း သံအမတ်ကြီးက အထက်ပါကုလအစည်းအဝေး၌ ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်ဖိနှိပ်မှုများကို နေရာပေါင်းစုံတွင် ရင်ဆိုင်နေရပြီး လူမှုစီးပွားကဏ္ဍသည်လည်း မကြုံဖူးသည့် အခြေအနေသို့ ကျဆင်းလျက်ရှိကြောင်း ဆက်ပြောသည်။

ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့နှုန်း အလွန်အမင်း မြှင့်တက်လျက်ရှိပြီး အိမ်ထောင်စု ၄ ပုံ ၃ ပုံမှာ ဝင်ငွေ သိသိသာသာနည်းပါးလာခြင်းတို့အား ရင်ဆိုင်နေရသည့်အခြေအနေကို အစည်းအဝေး၌ အစီရင်ခံသည်။ ထို့အပြင် စစ်တပ်မှ အတင်းအကျပ် တပ်သား စုဆောင်းနေခြင်းကလည်း စီးပွားရေး ဆုတ်ယုတ် လာခြင်း၏ တစိတ်တပိုင်းဖြစ်ပြီး လူငယ်လူရွယ်များအား လုံခြုံမှု ကင်းမဲ့စေကာ ၎င်းတို့၏ အနာဂတ်များအား မရေရာမှုများ ဖြစ်ပေါ်စေကြောင်းလည်း ရှင်းပြသည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်သူ သန်း (၂၀) ခန့် ရှိပြီး ၃.၅ သန်းကျော်မှာ နေရပ်စွန့်ခွာနေရကြောင်း ကုလသမဂ္ဂအစီရင်ခံစာများက ဖော်ပြသည်။ ဆင်းရဲမွဲတေမှုသည် (၁၅)နှစ်တာအတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး လူဦးရေ၏ ထက်ဝက်ခန့်မှာလည်း ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ထို့အတူ လူဦးရေ၏ ၂၄ ရာခိုင်နှုန်းမှာလည်း အလွန်အမင်း မြင့်မား၍ စိုးရိမ်ရသော စားနပ်ရိက္ခာမလုံခြုံမှု ပြဿနာအား ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂအစီရင်ခံစာများက ဆိုသည်။

မြန်မာအရေးကိစ္စတွင် စစ်တပ်နှင့် စစ်အာဏာရှင်စနစ်ကသာ အဓိကဇစ်မြစ်ပြဿနာဖြစ်ပြီး စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များရရှိရေးအတွက် အတားအဆီးဖြစ်သည်မှာ ရှင်းလင်းမြင်သာကြောင်း သံအမတ်ကြီးက ပြောသည်။

ထို့ကြောင့် ပြဿနာ၏ ဇစ်မြစ်ကို ဖြေရှင်းခြင်းက အလွန်အရေးကြီးကြောင်းနှင့် မြန်မာပြည်သူများသည် စစ်တပ်နှင့် စစ်အာဏာရှင်စနစ်အား အပြီးတိုင် ချုပ်ငြိမ်းစေသည့် ယင်းပြဿနာဇစ်မြစ်အား အမြစ်ပြတ်အောင်ဆောင်ရွက်သွားရန် သန္နိဋ္ဌာန် ခိုင်မာစွာရှိကြောင်း သံအမတ်ကြီး ကုလအစည်းအဝေး၌ ပြောသည်။

နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်တပ်ထံသို့ လက်နက်များ၊ ဂျက်လေယာဉ်ဆီနှင့် ငွေကြေးများ ဖြတ်တောက်ပေးခြင်းအားဖြင့် စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းစေရေးအတွက် မြန်မာပြည်သူများ လုပ်ဆောင်နေသည့် ကြိုးပမ်းအားထုတ်မှုများအား ပံ့ပိုး ကူညီပေးကြပါရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖြင့် အနာဂတ် မြန်မာနိုင်ငံတော်သစ် တည်ထောင်မှုအတွက် အားဖြည့်ကူညီပေးကြရန် သံအမတ်ကြီးက ထပ်လောင်းတောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အီယိုရီ/People’s Spring မြန်မာကလေးငယ်များနှင့် ၎င်းတို့၏ အနာဂတ်အား ကယ်တင်ပေးကြရန် နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂအေဂျင်စီများက စစ်ကောင်စီအား လေယာဥ်ဆီဖြတ်တောက်ရန် သံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုသည်။ ကုလသမဂ္ဂကလေးငယ်များရန်ပုံငွေအဖွဲ့ (UNICEF)၏ အမှုဆောင်ဘုတ်အဖွဲ့ ၂၀၂၅ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ကျင်းပလျက်ရှိရာ အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် မြန်မာနိုင်ငံရှိ ကလေးငယ်များအပေါ် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ...